၂၁. ၂. ၂၀၂၄
Written by Phyo Wei

ငွေစက္ကူရိုက်နှိပ်ထုတ်ဝေတဲ့ ဝါဇီကို ဗိုလ်ချုပ်မွေးနေ့က ဒုံးလက်နက်တွေ၊ ဒရုန်းတွေနဲ့ PDF နှစ်ဖွဲ့ တိုက်ခိုက်ခဲ့တဲ့ ရက်သတ္တပတ်မှာပဲ ရခိုင်ပြည်နယ်ဘက်မှာ စစ်သင်္ဘောနစ်မြုပ်မှုက ၅ စီးအထိ တက်လာသလို ဗိုလ်မှူးချုပ်နှစ်ဦး ပျောက်ဆုံးဖမ်းဆီးခံရတယ်ဆိုတဲ့ ဖြစ်စဉ်အပါအဝင် ကလေးတွေ၊ နိုင်ငံ့ဝန်ထမ်းတွေနဲ့ တပ်မတော်သားထောင်ချီ သေဆုံးဖမ်းဆီးခံရတယ်ဆိုတဲ့ သတင်းတွေလည်း ပျံ့လွင့်လာပါတယ်။

အခြားတစ်ဖက်မှာလည်း မြန်မာနိုင်ငံမှာ ကလေးသူငယ် ၁၅၀၀ နဲ့ ၂၀၀၀ ကြားဟာ နှစ်စဉ် ကင်ဆာဝေဒနာ ခံစားနေရပြီး ကုသမှုမခံယူနိုင်ဘဲဖြစ်နေတယ်ဆိုတဲ့ စစ်တမ်းတွေနဲ့ အမေရိကန်၊ UK နဲ့ ဒတ်ချ်တို့က ကုမ္ပဏီကြီးသုံးခုကို တပ်မတော်နဲ့ ဆက်နွှယ်နေတဲ့ ကုမ္ပဏီတွေအတွက် ဝန်ဆောင်မှုပေးတယ်ဆိုပြီး တိုင်ကြားမှုတွေ၊ နိုင်ငံ့ပကတိအခြေအနေမှန်ကို ကမ္ဘာသိရေးကြိုးစားပေးဖို့ ပြောလာတဲ့အကြောင်းတွေ၊ စစ်မှုထမ်းဥပဒေထွက်လာအပြီး ထိုင်းနိုင်ငံထဲကို မြန်မာတွေ တရားမဝင်ဝင်ရောက်လာတာနဲ့ ပတ်သက်ပြီး သတိပေးမှုတွေရှိပေမဲ့လည်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ်တော့ တစ်နှစ်ကို စစ်မှုထမ်း ၆၀၀၀၀ ခေါ်မယ်ဆိုတဲ့အကြောင်း၊ မြန်မာလက်နက်ကိုင်တွေကို စစ်လက်နက်မှောင်ခိုမရောင်းဘူးလို့ ထိုင်းစစ်တပ်ပြောလာတဲ့ အကြောင်းနဲ့ မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်လျှောက်လှမ်းဖို့ ထိုင်းနဲ့ အမေရိကန်တို့ တောင်းဆိုလာတဲ့အကြောင်းတွေကို တင်ပြချင်ပါတယ်။

တစ်နှစ် ၆၀၀၀၀ စစ်မှုထမ်း

စစ်မှုထမ်းဥပဒေအတည်ပြုပြီးနောက်မှာ တစ်လစစ်အင်အား ၅၀၀၀၊ တစ်နှစ် စစ်မှုထမ်း ၆၀၀၀၀ အထိ ထမ်းရမယ်လို့ ထုတ်ပြန်လာသလို အမျိုးသမီးတွေကိုလည်း အပတ်စဉ် ၅ ကြမှ စခေါ်မှာဆိုပေမဲ့ လက်ရှိတော့ လတ်တလောမှာ အမျိုးသမီးတွေကို စစ်မှုထမ်းမခေါ်သေးဘူးလို့လည်း အသိပေးလာပါတယ်။

“ပြည်သူ့စစ်မှုထမ်း ဥပဒေအရ ၂၀၁၉ ကြားဖြတ် သန်းခေါင်စာရင်း အကျုံးဝင်တဲ့လူ အနည်းဆုံး ၁၃ သန်း ရှိပါတယ်။ အမျိုးသား ၆ ဒသမ ၃ သန်း၊ အမျိုးသမီး ၇ ဒသမ ၇ သန်းပေါ့။ ဒီလောက်ရှိတယ်။ ရှိတဲ့အထဲမှာမှ အမျိုးသားလောက်ပဲ တွက်ကြည့်ဦး။ အမျိုးသား ၆ ဒသမ ၃ သန်းထဲမှာ ကျွန်တော်တို့အနေနဲ့ တစ်နှစ်တစ်နှစ်ကို ခေါ်နိုင်တဲ့လူဦးရေ ငါးသောင်းထက်ပိုနိုင်စရာ အကြောင်းမရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့အနေနဲ့ ခေါ်ယူထားတဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေအရ နိုင်ငံတော်ကာကွယ်ရေး တာဝန်ကို ထမ်းဆောင်မယ့် သူတွေအားလုံးကို အဆင့်အလိုက် အရည်အချင်းအလိုက် လစာ၊ ရိက္ခာ၊ ခံစားခွင့် အားလုံး ပေးရမှာဖြစ်ပါတယ်။ ပြီးရင် လေ့ကျင့်မှု၊ လေ့ကျင့်မှုကိုလည်း တပ်မတော်သားတွေ တတ်သင့်တတ်ထိုက်တဲ့ နိုင်ငံတော်ကာကွယ်ရေးပညာရပ် အားလုံးကို အချိန်ပေးပြီး သင်ကြားပေးရမှာဖြစ်တယ်။ ဒီလိုသင်ကြားပေးပြီးမှ ကျွန်တော်တို့အနေနဲ့ တာဝန်ထမ်းဆောင်စေရမှာ ဖြစ်တယ်။ တာဝန်ထမ်းဆောင်စေတဲ့ နေရာမှာ အဆင့်အလိုက်နဲ့ အရည်အချင်း အလိုက်၊ အတွေ့အကြုံအလိုက်နဲ့ ရာထူးတာဝန်ပေးပြီး တာဝန်ထမ်းဆောင်စေရမှာ ဖြစ်တယ်။ ဒီလိုမျိုးဆောင်ရွက်တဲ့ နေရာမှာပထမဦးဆုံး အပတ်စဉ်တွေမှာ အမျိုးသမီးတွေကို ခေါ်ယူပြီး တာဝန်ထမ်းဆောင်စေဖို့ နည်းမှာ ဖြစ်ပါတယ်။ ပြီးရင် ကျွန်တော်တို့အနေနဲ့ သင်တန်းပြီးစီးရင် အဓိကတော့ မိမိတို့ရပ်ရွာဒေသမှာရှိတဲ့ လုံခြုံရေးဆိုင်ရာ တပ်ဖွဲ့တွေမှာသာ တာဝန်ထမ်းဆောင်စေဖို့အတွက် ရည်ရွယ်ပါတယ်။ အဓိက က စစ်တိုက်ဖို့ ဆိုတာထက် လုံခြုံရေး၊ ကာကွယ်ရေးကို ဘယ်လိုအမြင်တွေနဲ့ တာဝန်ထမ်းဆောင်ရမယ်။ လုံခြုံရေး၊ ကာကွယ်ရေးအသိပညာတွေကို ပြည်သူထဲမှာ ပျံ့နှံ့သွားအောင် နောင်ရေရှည်မှာ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေသည် ကာကွယ်ရေး၊ လုံခြုံရေးနဲ့ ပတ်သက်တဲ့ အသိပညာ ကြွယ်ဝသော မိမိနိုင်ငံကို မိမိအင်အားတောင့်တင်းစွာနဲ့ ခိုင်မာစွာနဲ့ ကာကွယ်နိုင်သော မိမိရဲ့လုံခြုံရေး၊ မိမိရဲ့ကာကွယ်ရေးကို အားလုံးက ဝိုင်းဝန်ဆောင်ရွက်နိုင်သော အခြေအနေမျိုးရောက်ရှိအောင် ဆောင်ရွက်ခြင်း ဖြစ်တယ်။ ဒီအစိုးရလက်ထက်မှာမှ ဆောင်ရွက်သွားမှာမဟုတ်ဘူး။ နောင်ဆက်လာမယ့် ဒီမိုကရေစီအစိုးရ လက်ထက်တွေမှာလည်း ဆက်လက် ဆောင်ရွက်သွားမယ့် ရေရှည်စီမံချက် Long Term Plan ဖြစ်တယ်ဆိုတာကို ပြောချင်ပါတယ်” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ဒီလိုမျိုး တပ်မတော်ဘက်က စစ်မှုထမ်းဖို့ ထုတ်ပြန်လာချိန်မှာပဲ RCSS /SSA ကလည်း ရှမ်းပြည်နယ်ထဲနေထိုင်တဲ့ လူမျိုးစုတိုင်း ကျား/မ မရွေး အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အကြားရှိတဲ့သူတိုင်း ၆ နှစ် စစ်မှုထမ်းရမယ်လို့ ထုတ်ပြန်လာပါတယ်။ စစ်မှုမထမ်းရင် ပိုင်ဆိုင်မှုတွေ သိမ်းမယ်လို့လည်း ခြိမ်း ခြောက်လာတာ တွေ့ရပါတယ်။ ဒီအချက်ဟာ MNDAA၊ TNLA တို့ရဲ့ စစ်သားစုဆောင်းမှုတွေလိုမျိုး ပြင်းထန်တာတွေ့ရသလို တိုက်ပွဲတွေကို ထောက်ခံဖိတ်ခေါ်နေသရွေ့တော့ တစ်ချိန်ချိန်မှာ တစ်ဖက်ဖက်မှာတော့ လက်နက်မဖြစ်မနေကိုင်ရမယ်။ လက်နက်မကိုင်ချင် စစ်မှုမထမ်းချင်လို့ ရှောင်လွှဲမယ်ဆိုလည်း တပ်မတော်မှာဆိုရင် ထောင်ဒဏ်လောက်ပဲဖြစ်ပေမဲ့ တာဝန်ယူတာဝန်ခံမှုပြစရာမလိုတဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းတွေရဲ့ နယ်မြေကလူတွေကတော့ လက်နက်မကိုင်ချင်ရင် ထောင်ဒဏ်၊ သေဒဏ်၊ ပိုင်ဆိုင်မှုသိမ်းခံရမယ်ဆိုတဲ့ အခြေအနေကို ပေါ်လွင်မြင်သာစေခဲ့တာပဲဖြစ်ပါတယ်။

မြန်မာလက်နက်ကိုင်တွေကို စစ်လက်နက်မှောင်ခိုမရောင်းဘူးဆိုတဲ့ ထိုင်းစစ်တပ်

မြန်မာနိုင်ငံက လက်နက်ကိုင်အဖွဲ့အစည်းတွေကို ထိုင်းနိုင်ငံဘက်က နယ်စပ်ဒေသဖြတ်ကျော်ပြီး စစ်လက်နက်ပစ္စည်း ကူညီထောက်ပံ့ပေးနေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာအပြီးမှာ ထိုင်းစစ်တပ်က မြန်မာနိုင်ငံအခြေစိုက် လက်နက် ကိုင်အဖွဲ့အစည်းတွေကို စစ်လက်နက်ပစ္စည်းမှောင်ခိုရောင်းချတာ၊ ကူညီထောက်ပံ့ပေးတာမျိုးမရှိဘူးလို့ ထိုင်းကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂျာရိုအန်ချိုင်း ဟင်တာအိုက ငြင်းဆိုလာပါတယ်။

“လက်နက်မှောင်ခို ကုန်ကူးမှုတွေနဲ့ ပတ်သက်ပြီး စိုးရိမ်မှုဖြစ်လာချိန်တိုင်း စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ စုံစမ်းစစ်ဆေးမှုတွေအရဆိုရင် မြန်မာနိုင်ငံက PDF အဖွဲ့ တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ လက်နက်တွေဟာ ထိုင်းတပ်မတော်ထံကနေ ရရှိတာမျိုး မရှိဘူးဆိုတာ ပြသနေပါတယ်”လို့ ဗိုလ်ချုပ်ကြီး ဂျာရိုအန်ချိုင်း ဟင်တာအိုက ငြင်းဆိုပါတယ်။

ထိုင်းတပ်မတော်ဟာ PDF တွေနဲ့ လက်နက်ကိုင်တွေကို လက်နက်တရားဝင်ထောက်ပံ့တာ၊ မှောင်ခိုထောက်ပံ့တာမျိုး မရှိဘူးဆိုပေမဲ့ PDF တွေနဲ့ EAOs တွေရဲ့ လက်နက်တွေ မှောင်ခိုစီးဝင်ရာအဓိကလမ်းကြောင်းတစ်ခုကတော့ ထိုင်းနယ်စပ်ဘက်ကဖြစ်သလို တစ်ဖက်မှာလည်း EAOs၊ PDF လက်နက်ကိုင်တွေနဲ့ NUG ခေါင်းဆောင်ပိုင်းတွေကို ထိုင်းနိုင်ငံဘက်ခြမ်းမှာ နေထိုင်ခိုလှုံခွင့်ပေးထားပြီး မီးစတစ်ဖက် ရေမှုတ်တစ်ဖက်လုပ်နေတာကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ထိုင်းနိုင်ငံဟာ မြန်မာ့ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့ ဦးဆောင် လုပ်ကိုင်နေတယ်ဆိုပေမဲ့လည်း ဒီလိုမျိုး မီးစတစ်ဖက် ရေမှုတစ်ဖက်လုပ်ရပ် မရပ်တန့်သရွေ့တော့ ပဋိပက္ခတွေ ညှိနှိုင်းရေးလမ်းကြောင်းပေါ် ရောက်လာဖို့ကလည်း ဝေးနေဦးမှာဖြစ်ပါတယ်။

◾ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်လျှောက်လှမ်းဖို့ တောင်းဆိုလာတဲ့ ထိုင်းနဲ့ အမေရိကန်

မြန်မာနိုင်ငံကို အရပ်သားအစိုးရအုပ်ချုပ်တဲ့ ဒီမိုကရက်တစ်အုပ်ချုပ်ရေး လမ်းကြောင်းအပေါ်ကို ပြန်လည်လျှောက်လှမ်းဖို့ လုပ်ဆောင်ရမယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ အမေရိကန်နိုင်ငံ ခရီးစဉ်အတွင်းမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလီကန်နဲ့ တွေ့ဆုံအပြီး ထုတ်ပြန်ချက်မှာ ထုတ်ပြန်တောင်းဆိုလာတာ မြင်ရပါတယ်။

အမေရိကန်နိုင်ငံဟာ ထိုင်းနိုင်ငံအပေါ် ဆက်ဆံပုံနဲ့ မြန်မာနိုင်ငံအပေါ် ဆက်ဆံပုံတူညီတာ မရှိဘဲ မကြာမကြာ အာဏာသိမ်းတဲ့ ထိုင်းနိုင်ငံကို အာဏာသိမ်းအစိုးရဘက်က ထောက်ခံပြီး ရွေးကောက်ပွဲဖြစ်မြောက်ဖို့ကူညီတာ၊ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ဆွဲဖို့ ပံ့ပိုးတာ၊ စီးပွားရေးပိတ်ဆို့မှုမလုပ်တာမျိုးတွေနဲ့ ကူညီပေမဲ့ မြန်မာနိုင်ငံကိုတော့ ဒီအချက်တွေ အကုန်လုပ်တဲ့အပြင် ပြည်တွင်းမှာ အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးမဲ့ လက်နက်ကိုင်တွေ မွေးထုတ်ပြီး ကူညီတာမျိုးပါ မြင်ရတာပါ။ ဒါပေမဲ့လည်း သူတို့ ထောက်ပံ့ခဲ့တဲ့ NUG နဲ့ PDF တွေဟာ ကမ္ဘာ့စင်မြင်ထက် ဆွဲတင်လို့ မရတော့လောက်အောင် အကြမ်းဖက် သတ်ဖြတ်မှုတွေ လုပ်နေတယ်ဆိုတာ တစ်ကမ္ဘာလုံးမျက်မြင်ဖြစ်လာမှ ထောက်ပံ့မှုတွေဖြတ်တောက်ပြီး အခုလိုမျိုး လက်ဝေခံထိုင်းနဲ့အတူ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လျှောက်ဖို့ တောင်းဆိုလာတာ ဖြစ်ပါတယ်။ အစကတည်းကသာ ထိုင်းလိုမျိုး မြန်မာ့တိုးတက်ရေးနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်လျှောက်လှမ်းရေးသာ ကူညီခဲ့မယ်ဆိုရင် နှစ်ဖက်တိုက်ပွဲကြားမှာ ပြည်သူတွေ သောင်းနဲ့ချီ သေရမှာ မဟုတ်သလို နေအိမ်သိန်းဂဏန်းလောက်လည်း ပျက်စီးမှာမဟုတ်တဲ့အပြင် ပြည်သူ ၆ သန်းလောက်က အိုးအိမ်စွန့်ခွာ၊ ပြည်သူ ၁၈ သန်းလောက် ဒုက္ခရောက်နေရတာမျိုး ဖြစ်လာမှာ မဟုတ်ပါဘူး။ လက်ရှိမှာလည်း အမေရိကန်ထောက်ပံ့ထားတဲ့ NUG နဲ့ PDF တွေရဲ့ အလုံးစုံပျက်သုဉ်းရေးပန်းတိုင်ဟာ ၂၀ ရာခိုင်နှုန်းလောက်ပဲရှိသေးတာတောင် လူထုကြားမှာ ပင်ပန်းကျပ်တည်းမှုနဲ့ မြေစာပင်ဖြစ်ရမှုကို မခံနိုင်တော့တာ မြင်သာနေပြီဖြစ်တာ၊ NUG နဲ့ PDF တွေကို ထောက်ပံ့ပေးထားတဲ့ အမေရိကန်တောင် လေသံပြောင်းလာတာ မြင်နေရပြီဖြစ်လို့ ဇာတ်မြောကြီးဖြစ်နေတဲ့ လက်နက်ကိုင်တိုက်ခိုက်မှုကို ဆက်လက် ထောက်ခံနေမဲ့အစား နိုင်ငံတော်ကို ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ပြန်စရေး သွားတာက အချိန်ကောင်းဖြစ်ချိန်တန်ပါပြီလို့ တင်ပြရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက် ရပ်နားပါရစေ။

Leave a Reply

Your email address will not be published. Required fields are marked *