၁၉. ၂. ၂၀၂၄
Written by Thettant

ရာ့စ်မတ်စ်ဟွိုင်လန်းဟာ အသက် ၂၁ နှစ်နဲ့ ၁၄ ရက်မှာ ပရီးမီးယားလိဂ် ၆ ပွဲဆက်ဂိုးသွင်းနိုင်ခဲ့ပြီး လိဂ်သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ၆ ပွဲဆက်ဂိုးသွင်းရှင် စံချိန်ကို ရယူနိုင်ခဲ့ပါတယ်။

ဖေဖော်ဝါရီ ၄ ရက် ဝက်စ်ဟမ်းကို နိုင်ခဲ့တဲ့ပွဲမှာလည်း ဟွိုင်လန်းဟာ အနိုင်ဂိုးသွင်းပြီး မန်ယူအသင်းအတွက် အသက်အငယ်ဆုံးလေးပွဲဆက်ဂိုးသွင်းသူအဖြစ် ရော်နယ်ဒိုကို ကျော်ဖြတ် မှတ်တမ်းဝင်ခဲ့သလို ဖေဖော်ဝါရီ ၁၁ ရက်က ဗီလာကို နိုင်ခဲ့တဲ့ပွဲမှာလည်း ဟွိုင်လန်းဟာ ပရီးမီးယားလိဂ်မှာ ငါးပွဲဆက်ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဒုတိယမြောက်အသက်အငယ်ဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်လာခဲ့ပါတယ်။

ဟွိုင်လန်းအရင် အသက်အငယ်ဆုံးငါးပွဲဆက်ဂိုးသွင်းစံချိန်ရှင်ကတော့ PSG၊ အာဆင်နယ်၊ ရီးရဲ၊ လီဗာပူး၊ မန်စီးတီးစတဲ့ ထိပ်တန်းအသင်းကြီးတွေမှာ ကစားခဲ့တဲ့ အနယ်လ်ကာဖြစ်ပြီး ၁၉၉၈ ခုနှစ်အကုန်အတွင်းက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၁၉၉၈ – ၁၉၉၉ ရာသီမှာ အသက် ၁၉ နှစ် ၂၃၉ ရက်နဲ့ စံချိန်တင်ထားတာဖြစ်ပြီး ဟွိုင်လန်းကတော့ ပရီးမီးယားလိဂ်မှာ ငါးပွဲဆက်ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဒုတိယမြောက်အသက်အငယ်ဆုံးကစားသမားဖြစ်လာချိန်မှာ ၂၁ နှစ် ၇ ရက်နဲ့ စံချိန်တင်ခဲ့တာဖြစ်ပါတယ်။

အခု လူတန်တောင်းကို အနိုင်ယူခဲ့တဲ့ပွဲမှာတော့ ဟွိုင်လန်းက ပွဲအစ ၁ မိနစ်နဲ့ ၇ မိနစ်မှာ ၂ ဂိုးဆက်သွင်းယူခဲ့တာကြောင့် အရင်တုန်းကခြောက်ပွဲဆက်ဂိုးသွင်းခဲ့တဲ့ အွန်နရီ၊ လူကာကူ၊ ဟာလန်းနဲ့ ဂျိုးဝီလော့ခ်တို့ကို ကျော်ဖြတ်ပြီး ခြောက်ပွဲဆက် ၇ ဂိုးသွင်းနိုင်ခဲ့သူ ဖြစ်လာခဲ့တာပါ။

ဟွိုင်လန်းဟာ ပရီးမီးယားလိဂ်မှာ ကန်ခဲ့ရတဲ့ ပထမဆုံး ၁၄ ပွဲစလုံး ဂိုးမသွင်းနိုင်တာကြောင့် ဂျင်းမိပြီလို့ လှောင်ပြောင်သရော်ခံခဲ့ရပေမဲ့ သူ့ရဲ့ နောက်ဆုံး ခြောက်ပွဲဆက်မှာ ခုနစ်ဂိုးသွင်းယူနိုင်ခဲ့တဲ့အပြင် နှစ်ဂိုး ဖန်တီးပေးထားပါတယ်။ ဂိုးမသွင်းချိန်ကလည်း မသွင်းလို့ ဂိုးသွင်းချိန်မှာလည်း တစ်ပတ်ပြီးတစ်ပတ် စံချိန်ချိုးလာတဲ့ ဟွိုင်လန်းဟာ အိပ်မက်ကဇာတ်ရုံကြီးရဲ့ အကောင်းဆုံးထွက်ကုန်အဖြစ် ဂိုးသွင်းမုဆိုးဘွဲ့ခံပြီး ပြိုင်ဘက်တွေကို အမဲလိုက်နိုင်တော့မလားဆိုတာကိုတော့ မြက်ခင်းစိမ်းပေါ်မှာပဲ…..။

Leave a Reply

Your email address will not be published. Required fields are marked *