MT News Editorial

တော်လှန်ရေးအရှိန်အဟုန်မြင့်တက်လာသည်နှင့်အမျှ နေ့စဥ်ကြားလာရသော သတင်းများမှာ လုယက်၊ သတ်ဖြတ်မှုများသာမက နေအိမ်များ၊ ကျေးရွာများကို လက်နက်ကိုင်များက မီးရှို့ဖျက်ဆီးမှုများလည်း ပါဝင်ပေသည်။

လက်နက်ကိုင်သူများအားလုံး၏ စွပ်စွဲချက်များဖြစ်သော ပျုရွာ၊ ဒလန်ရွာ၊ သူပုန်ရွာ ဆိုသော အပြန်အလှန်စွပ်စွဲမှုများအောက်ဝယ် အိမ်အလုံးထောင်ပေါင်းများစွာ မီးရှို့ဖျက်ဆီးခံထားရသကဲ့သို့ အပြန်အလှန်စွပ်စွဲမှုများအရလည်း နေအိမ် အလုံးရေ ၄၀၀၀၀ ခန့်မှာ မီးလောင်ပျက်စီးခဲ့ပြီဖြစ်သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်အထိ လက်နက်ကိုင်ပဋိပက္ခအကြား မီးရှို့ဖျက်ဆီးခံရမှု၊ လက်နက်ကျည် ထိမှန်ပြီး ပျက်စီးဆုံးရှံးခဲ့ရမှုနှင့် တိုက်ပွဲမဖြစ်ဘဲ ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် ဆုံးရှုံးခဲ့ရသည့် နေအိမ်၊ အဆောက်အအုံ (ဘာသာရေးအဆောက်အအုံအပါအဝင်) ၃၆,၂၀၉ လုံးထက်မနည်း ရှိခဲ့ကာ ၇၀ ရာခိုင်နှုန်းမှာ စစ်ကိုင်းတိုင်းမှဖြစ်သည်ဟုလည်း မြန်မာ့မဟာဗျုဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု၏ စစ်တမ်းများအရ သိရပြန်ပေသည်။

ယနေ့တွင်လည်း KIA နှင့် PDF များက ယခုနှစ်အတွင်း စစ်ကိုင်း၊ မကွေး၊ ချင်းနှင့် ကချင် ဒေသများမှ နေအိမ်အလုံး ၈၀၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု တပ်မတော်က သတင်းထုတ်ပြန်လာသည်ကို တွေ့ရှိရပေသည်။

MT News သတင်းဌာန၏ စုံစမ်းမှုများအရလည်း ပြည်သူ့နေအိမ်များကို မီးရှို့ရာတွင် လက်နက်ကိုင်များအားလုံးလိုလိုက အကြောင်းအမျိုးမျိုးဖြင့် ရှို့ကြကာ အပြန်အလှန်လွှဲချ အပြစ်တင်နေသည်ကိုလည်း တွေ့ရှိရပြန်သည်။

ယနေ့ခေတ်ဝယ် နေအိမ်တစ်လုံးဖြစ်ရေးမှာ မလွယ်ကူလှချေ။ အများစုသော ပြည်သူများမှာ ထိုနေအိမ်လေးတစ်လုံးဖြစ်မြောက်ရေးအတွက် တစ်သက်တာလုံးစုဆောင်းတည်ဆောက်ထားရခြင်းလည်း ဖြစ်ပေသည်။

ထို့ကြောင့် လက်နက်ကိုင်သူများအနေဖြင့် ပြည်သူများကို ငဲ့ညှာသောအားဖြင့် နေအိမ်များ၊ စာသင်ကျောင်းများ၊ ဘာသာရေးဆိုင်ရာအဆောက်အအုံများ၊ ရွာများကို မှီကပ်ကာ တိုက်ကွက်ဖော်မှုမပြုဘဲ၊ သာမန်ပြည်သူများကို ဒုက္ခမပေးဘဲ လက်နက်ကိုင်အချင်းချင်းသာ တိုက်ခိုက်ပါရန်နှင့် မိမိတို့ရှို့ခဲ့သော ပြည်သူ့နေအိမ်များအတွက် တာဝန်ယူတာဝန်ခံမှုပြုပေးပါရန်လည်း MT News သတင်းဌာနက တောင်းဆိုလိုပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *