April 29, 2024

၁၃. ၂. ၂၀၂၄
Written by Hey Mar

တောင်ငူမြို့ရှိ စစ်ရှောင်စခန်းတွေက နေရပ်စွန့်ခွာကလေးတွေ အတန်းတင်စာမေးပွဲဖြေဆိုနိုင်ဖို့ တောင်ငူမြို့အခြေစိုက် ပရဟိတအသင်း အသီးသီးက သူတို့တာဝန်ယူထားတဲ့ စခန်းအသီးသီးမှာ ကူညီဆောင်ရွက်ပေးနေကြတယ်လို့ ရွှေမင်းဝင် ပရဟိတအသင်းနဲ့ Save the tree မှ တာဝန်ရှိသူတွေက MT News ကို ပြောပါတယ်။

ပဲခူးတိုင်းဒေသကြီး အတွင်း နယ်မြေမငြိမ်သက်မှုတွေ ဖြစ်ပေါ်နေတဲ့ သံတောင်ကြီး၊ ရေတာရှည်၊ မုန်း၊ ကျောက် ကြီး၊ ရွှေကျင်မြို့နယ်နဲ့ ဇရပ်ကြီး မြို့နယ်တွေဘက်က စစ်ဘေးရှောင်ပြည်သူ ၂၀၀၀၀ နီးပါး တောင်ငူမြို့တွင်း ဝင်ရောက်ခိုလှုံနေကြပြီး တချို့ကလည်း အိမ်ငှားရမ်းနေထိုင်ကြသလို ၊ အများစုက ဘုန်းတော်ကြီးကျောင်းတွေနဲ့ သာသနာပိုင် အဆောက်အဦတွေ ၊ ဒေသခံတချို့က လူမှုကူညီနေသူတွေနဲ့ ပူးပေါင်းကာ ခေတ္တမြေနေရောပေးထားတဲ့ဆီတွေမှာ ယာယီတဲတွေဆောက်လုပ်နေထိုင်ကြတာမျိုးရှိနေတယ်လို့ သိရပါတယ်။

အဲ့ဒီလိုနေထိုင်ကြသူမိသားစုဝင်တွေထဲက ကလေးငယ်တွေမှာ တချို့လည်း ကျောင်းမတက်ရ စာမေးပွဲ မဖြေရတာ သုံးနှစ်ရှိနေသူ၊ နှစ်နှစ်ရှိနေသူ၊ တချို့ကလည်း ရုတ်တရက် ပြေးလာရတဲ့အတွက် ကျောင်းတက်စ ရှိနေသူ ကလေးငယ်တွေ ပါဝင်နေပြီး အများစုက ဒီနေ့မှာဖြေဆိုမယ့် အတန်းတင် စာမေးပွဲကို ဖြေဆိုလိုကြသူတွေရှိနေတဲ့အတွက် လူမှုကူညီရေး အသင်းတွေက ဆောင်ရွက်ပေးရတာဖြစ်တယ်လို့ သိရပါတယ်။

ရွှေမင်းဝင် လူမှုကူညီရေးအသင်းမှ အရှင်စန္ဒောဘာသက “ဦးဇင်းတို့ ပရဟိတအသင်းလုပ်ပါပြီဆိုကတည်းက ရည်ရွယ်ချက်က ကူညီဖို့ပါပဲ။ အခုလည်း ဦးဇင်း စစ်ဘေးရှောင် ၄၅၀၀ နီးပါးကို နေ့စဥ် ကူနေပါတယ်။ အဲ့ဒီထဲမှာ ကလေး အယောက် ၃၀၀ ကျော်ပါတယ်။ တချို့ကလည်း ကျောင်းလုံးဝမနေရသေးတဲ့ အရွယ်လေးတွေ ၊ တချို့ကလည်း ကျောင်းနေအရွယ်မှာ နယ်မြေ မအေးချမ်းလို့ မနေဖြစ်သေးတာ။ တချို့က နေလက်စ အစုံပဲ။ အခု စာမေးပွဲ ဖြေမယ့်ကလေး အယောက် ၁၅၀ ကျော်မယ်။ ဦးဇင်းကျောင်းနဲ့ နီးတဲ့ အမှတ်(၇) အထက် တန်းကျောင်းမှာ အပ်ထားပေးတယ်။ ဦးဇင်းတို့ စာရင်းအတိအကျရှိတယ် ကဏ္ဍခွဲ တာဝန်ယူရတာမို့ ဦးဇင်းလက်ထဲ ချက်ချင်းဆိုတော့ စာရင်းက မရှိလို့။ အကြမ်းဖျင်း ၁၅၀ ကျော်တယ်”လို့ MT News ကို မိန့်ပါတယ်။

နဂါးရုံဘုန်းတော်ကြီးကျောင်းနဲ့ ဘုရားဝင်းအတွင်းက Camp ကို တာဝန်ယူထားတဲ့ Save The Tree မှ တာဝန်ရှိသူကလည်း ဒီနေ့စာမေးပွဲ ဖြေဆိုမယ့် ကလေးတွေကို နဂါးရုံမှာစုရပ်လုပ်ပြီး ကူညီဆောင်ရွက်နေတယ်လို့ သိရပါတယ်။ မနက်စာနဲ့ အပို့အကြိုအပြင် စာရေးကိရိယာကိုလည်း ခုနှစ်ရက်သားသမီးတွေကကုသိုလ်ပြု လှူဒါန်းပေးထားတယ်လို့ သိရပါတယ်။

“တောင်ငူက နဂါးရုံ Camp မှာ နေရပ်စွန့်ခွာကလေးတွေ အားလုံးပေါင်း ဖြေဆိုမယ့် ကလေး ၈၁ ယောက်ရှိပါတယ်။ နဂါးရုံ Camp က ၅၆ ယောက်နဲ့ ကျန်နေရာစုံက ၂၅ ယောက်ပါ။ တိုက်ပွဲဖြစ်ပွားတဲ့ ဒေသက ကလေးတွေက ကြောက်လန့်တကြား ပြေးလာရတာ။ အဲဒီတော့ သူတို့ရဲ့ စိတ်တွေ အဆင်ပြေအောင်ရယ်၊ သူတို့ပညာရေး နောက်မကျအောင်ရယ်၊ နောက်ပြီး ကလေး အကုန်လုံး လိုလိုပါပဲ သူတို့တွေရဲ့ စာအုပ်စာတန်းတွေ ဘာမှမပါလာဘူး။ အဲ့ဒါတွေ ဒီမှာ အကုန်ရအောင် အဆင်ပြေအောင် ဆောင်ရွက်ပေးရတယ်။ ကလေးတွေနဲ့ ဆက်ဆံတဲ့အခါမှာလည်း သူတို့ စိတ်ဒဏ်ရာမရအောင် မငြိုငြင်ရအောင် အတတ်နိုင်ဆုံးထားရပါတယ်။ တချို့ကလေးတွေဆို ဒဏ်ရာရလာတယ်။ မျက်မှန်တွေလိုတယ်။ အကုန်လုံးပါပဲ။ ကျောင်းအပ်တဲ့အခါမှာ ကျွန်တော်တို့အဖွဲ့ကတော့ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းမှာ အပ်ပေးတယ်။ ကျောင်းအုပ်ဆရာမကြီးနဲ့တကွ တစ်ကျောင်းလုံးနွေးနွေးထွေးထွေး ကူညီပေးကြတယ်”လို့ Save The Tree အဖွဲ့မှာ ပညာရေးအပိုင်းကို တာဝန်ယူဆောင်ရွက်ပေးနေသူက MT News ကို ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *