၁၂. ၂. ၂၀၂၄
Written by Pan Ei

ကယ်လီဖိုးနီးယား-နီဗားဒါးနယ်စပ်အနီးရှိ Mojave သဲကန္တာရမှာ ပြီးခဲ့တဲ့ သောကြာနေ့ည နှောင်းပိုင်းက ရဟတ်ယာဉ်ပျက်ကျမှုအတွင်း နိုင်ဂျီးရီးယားဘဏ် အမှုဆောင်အရာရှိချုပ်အပါအဝင် လူ ၆ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံတကာ သတင်းဌာနတွေက မနေ့က ဖော်ပြခဲ့ပါတယ်။

နိုင်ဂျီးရီးယားက ဘဏ်တစ်ခုဖြစ်တဲ့ Access ဘဏ်ရဲ့ ထုတ်ပြန်ချက်မှာလည်း ဘဏ်ရဲ့အမှုဆောင်အရာရှိချုပ် Herbert Wigwe ဟာ လေယာဉ်ပျက်ကျမှုမှာ သေဆုံးသွားခဲ့တယ်လို့ ဖော်ပြထားပြီး သေဆုံးသူတွေထဲမှာ Wigwe ရဲ့ ဇနီးနဲ့ သားတို့အပြင် နိုက်ဂျီးရီးယားစတော့အိတ်ချိန်းရဲ့ ဥက္ကဋ္ဌဟောင်း Abimbola Ogunbanjo ဟာလည်း လေယာဉ်ပျက်ကျမှုမှာ သေဆုံးသွားခဲ့တယ်လို့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် Ngozi Okonjo-Iweala က လူမှုကွန်ရက် X မှာ ရေးသားဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် ရဟတ်ယာဉ်ရဲ့လေယာဉ်မှူးနှစ်ဦးလည်း သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။ စင်းလုံးငှား Airbus EC130 ရဟတ်ယာဉ်ဟာ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ် Palm Springs မြို့ကနေ လာ့စ်ဗီးဂတ်စ်မြို့အပြင်ဘက်ရှိ Boulder City မြို့ကို ပျံသန်းနေချိန် ပျက်ကျခဲ့တာဖြစ်ပါတယ်။

မနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရဟတ်ယာဉ်ဟာ အမြင့်ပေ ၁၀၀၀ ကနေ ၁၅၀၀ အတွင်းမှာ ရှိနေချိန် မြေပြင်ပေါ် အရှိန်နဲ့ ပျက်ကျခဲ့တာဖြစ်ပြီး ရဟတ်ယာဉ်ပျက်ကျရခြင်းအကြောင်းရင်းကိုတော့ မသိရသေးပါဘူးလို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

နိုင်ဂျီးရီးယားသမ္မတ Bola Ahmed Tinubu က ထိတ်လန့်တုန်လှုပ်ဖွယ်အဖြစ်ဆိုးကြီးဖြစ်တယ်လို့ ရုံးထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး နိုင်ဂျီးရီးယားနိုင်ငံ Edo ပြည်နယ်အုပ်ချုပ်ရေးမှူး Godwin Obaseki ကလည်း အလွန်တုန်လှုပ်မိပြီး ကြေကွဲဝမ်းနည်းခဲ့ရကာ သေဆုံးမှုတွေဟာ ပြန်လည်ပြုပြင်မရတဲ့ ဆုံးရှုံးမှုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

Ref; CNN

Leave a Reply

Your email address will not be published. Required fields are marked *

Related News