တရားခံကို သက်ဆိုင်ရာရဲတပ်ဖွဲ့နဲ့အတူ ပြည်သူနဲ့ ပရဟိတအသင်းက ပူးပေါင်းဖမ်းဆီး

၁၂. ၂.၂၀၂၄
Written by Hey Mar

ရန်ကုန်၊ တာမွေပလာဇာအရှေ့မှာ မနေ့က ဖေဖော်ဝါရီ ၁၁ ရက် ည သန်းခေါင်ကျော်အချိန်မှာ Taxi ယာဥ်မောင်းကို ဓားနဲ့ထိုးလုယက်လာတဲ့သူက ယုဇနပလာဇာရှေ့ တိုက်တန်းတွေရဲ့ အောက်မှာ ညအိပ်ရပ်နားထားတဲ့ အိမ်စီးကားတွေကို ဝင်တိုက်ခဲ့တဲ့ဖြစ်စဥ် ဖြစ်ပွားခဲ့တယ်လို့ အဲ့ဒီ့ဝန်းကျင်က ဒေသခံတချို့နဲ့ တာမွေအခြေစိုက်မြေပြင်ကူညီမှုပေးခဲ့တဲ့ ရင်ဘတ်တူ လူမှုကူညီရေးအသင်းကနေ သိရပါတယ်။

ဖြစ်စဥ်က တာမွေ ပလာဇာအရှေ့မှာ TOYOTA FIELDER TAXI ယာဥ်ကို အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးနှစ်ဦးက ငှားရမ်းခဲ့တယ်လို့ သိရပါတယ်။ ကားပေါ်ရောက်တဲ့အခါ တက္ကစီယာဥ်မောင်းကို ဓားနဲ့ထိုးပြီး ကားပေါ်က တွန်းချခဲ့ကာ မောင်းပြေးစဥ် ယုဇနပလာဇာနဲ့ မျက်နှာချင်းဆိုင်တိုက်ခန်းတွေရဲ့အောက်မှာ ရပ်နားထားတဲ့ အိမ်စီးကား ၁၀ စီးကို ဝင်တိုက်မိကာ ရပ်တန့်သွားပြီး ထွက်ပြေးဖို့ ကြိုးစားစဥ် တာဝန်သိပြည်သူတွေက ရဲတပ်ဖွဲ့၊ ပရဟိတ အသင်းနဲ့ အတူ ပူးပေါင်းဖမ်းဆီးနိုင်ခဲ့တာလို့ သိရပါတယ်။

ရင်ဘတ်တူ ပရဟိတအသင်း တာဝန်ရှိသူက”အသက် နှစ်ဆယ်ကျော် အရွယ်တွေပဲ ခန့်မှန်းခြေကတော့။ ကောင်မလေးတစ်ယောက်က ပြောပြတာက သူ့ကိုလည်း ဓားနဲ့ထောက်ပြီး ခေါ်လာခံရတယ်လို့ ပြောတာပဲ။ တက္ကစီ ယာဥ်မောင်းက လည်ပင်းကို ဓားနဲ့ ထိုးခံရတာ။ ကံကောင်းလို့ လေပြွန်မထိပေမယ့် သွေးထွက်တော့ များနေတာပေါ့။ တစ်ချက်ပဲ ထိတာပါ။ စံပြဆေးရုံ ပို့ထားပါတယ်။ လုပြေးပြီးမောင်းတဲ့သူရော၊ မိန်းကလေး နှစ်ယောက်ရော မိထားတယ်။ တာမွေရဲစခန်းက တာဝန်ရှိသူတွေက ဆက်လက်ဆောင်ရွက်နေပါတယ်” လို့ MT News ရဲ့ စုံစမ်းမေးမြန်းမှုကိုပြန်လည်ဖြေကြားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *