April 28, 2024

MT News

Written by Tha Doe

အရပ်သားပြည်သူများ ထိခိုက်ခံစားရမှုများနှင့် နေရပ်စွန့်ခွာထွက်ပြေးရမှုများလည်း ဖြစ်ပေါ်လျက်ရှိပြီး ၂၀၂၂ ခုနှစ် စက်တင်ဘာ ၆ ရက်အထိ မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်ရသူအသစ် ၉၈၂,၀၀၀ ဦးအပါအဝင်၊ ခန့်မှန်းခြေအားဖြင့် နေရပ်စွန့်ခွာရွှေ့ပြောင်း နေထိုင်သူဦးရေပေါင်း ၁,၃၁၂,၀၀၀ ဦးခန့်ရှိနေကြောင်း UNHCR က စက်တင်ဘာ ၂၂ ရက်တွင် ထုတ်ပြန်သည့် Myanmar Emergency – UNHCR Regional Update – 6 September 2022 တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ အရှေ့တောင်ဒေသတွင် နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်သူများသည် သင့်လျော်ကောင်းမွန်သော အမိုးအကာများ လုံလောက်မှုမရှိခြင်းကြောင့် အခက်ကြုံနေပြီး ပဲခူးတိုင်းဒေသကြီး (အရှေ့)၊ ကရင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် အစားအစာပြတ်လပ်မှုနှင့် မရှိမဖြစ်ဆေးဝါးလိုအပ်ချက်များ စိုးရိမ်ဖွယ်ရာဖြစ်ပေါ်လျက်ရှိသည်။ အရေးပေါ်တုံပြန်မှုအကူအညီများ ဆက်လက်ဆောင်ရွက်လျက်ရှိသော်လည်း လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကူအညီထောက်ပံ့မှုလုပ်ငန်းတွင် ကန့်သတ်မှုများကြုံတွေ့လျက်ရှိ၍ အဟန့်အတားများဖြစ်ပေါ်လျက်ရှိသည်။

ထို့အတူ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်(တောင်ပိုင်း)တွင် လက်နက်ကိုင်တိုက်ပွဲများ တင်းမာမှုများ မြင့်တက်လျက် ရှိ၍ နေရပ်စွန့်ခွာသူဦးရေသစ်များ ဖြစ်ပေါ်လျက်ရှိသည်။ ပဋိပက္ခအကျိုးသက်ရောက်မှု ခံစားလျက်ရှိသော နေရာဒေသများရှိ နေရပ်စွန့်ခွာသူများ အကူအညီများရရှိမှုသေချာစေရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိသော်လည်း ချင်းပြည်နယ်၊ ပလက်ဝမြိုနယ်ရှိ နေရပ်စွန့်ခွာသူမိသားစုများသည် အကူအညီများအရေးပေါ်လိုအပ်နေဆဲဖြစ်သည်။

အလားတူ အနောက်မြောက်ပိုင်းဒေသရှိ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့ရှိ မြိုနယ်နေရာအနှံအပြားတွင် လက်နက်ကိုင်တိုက်ပွဲများနှင့် လုံခြုံရေးဆောင်ရွက်မှုများ ဆက်လက်ဖြစ်ပေါ်လျက်ရှိ၍ ယာယီခိုလှုံရာစခန်းများရှိ နေရပ်စွန့်ခွာသူလူမှုအသိုင်းအဝန်းတွင် ပြောင်းရွှေ့မှုများဆက်လက်၍ ဖြစ်ပေါ်လျက်ရှိသည်။ စက်သုံးဆီစျေးနှင့် ကုန်စျေးနှုန်းမြင့်တက်လာသည်နှင့်အမျှ ကန့်သတ်ချက်စိန်ခေါ်မှုများကြောင့် များစွာသောအခက်အခဲအကျပ်အတည်းများသည် ပို၍သီးခြားစွာတွေ့ကြုံလာလျက်ရှိသည်။

အထက်ပါဒေသများအပြင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ မြိုနယ်များတွင် လက်နက်ကိုင်တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိပြီး မြိုတွင်းနေရာများတွင် လုံခြုံမှုအားနည်းသောအခြေအနေများ မြင့်တက်နေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News