၁၁. ၂. ၂၀၂၄
Written by Thettant

ချန်ပီယံဆိုတဲ့ ဂုဏ်ပုဒ်တစ်ခုအတွက် ပြိုင်ဆိုင်ချိန်မှာ အိမ်ရှင်လည်းဖြစ်မယ် ငွေကြေးလည်းကြွယ်ဝတဲ့နိုင်ငံဖြစ်မယ်ဆို ဘက်ပေါင်းစုံက ချန်ပီယံဖြစ်ဖို့ကြိုးစားမှာ ဓမ္မတာပါပဲ။ ဒါပေမဲ့လည်း ငွေများတရားနိုင်ပြီးတော့ အဲဒီချန်ပီယံဆုကို ပင်နယ်လ်တီသုံးလုံးနဲ့ အရယူသွားရင်တော့ သမိုင်းတစ်လျှောက်ရုပ်အပေါက်ဆုံး ချန်ပီယံလို့ပြောရမှာမဟုတ်လား….။

မနေ့ညကတော့ အဲဒီလိုရုပ်အပေါက်ဆုံး ချန်ပီယံလုပွဲတစ်ခုကမ္ဘာမှာဖြစ်သွားခဲ့ပြီး အဲဒီလို ပင်နယ်လ်တီဟတ်ထရစ်နဲ့ ချန်ပီယံဖြစ်သွားတဲ့ ဗိုလ်လုပွဲကလည်း ကျုပ်တို့အာရှတိုက်မှာဖြစ်သွားတာပေါ့ဗျာ။

ဖြစ်တာက ၂၀၁၉ အာရှဖလားချန်ပီယံကာတာနဲ့ သမိုင်းတစ်လျှောက် ပထမဆုံးဗိုလ်လုပွဲတက်တဲ့ဂျော်ဒန်တို့ မနေ့ည ကာတာနိုင်ငံ၊ လူဆေးလ်ကွင်းမှာ ဗိုလ်လုကြတာပေါ့။ ဂျော်ဒန်ကလည်း လက်ရှိချန်ပီယံအိမ်ရှင်ကာတာကို နိုင်ဖို့အတွက် အကြိတ်အနယ်ကစားခဲ့တာပါ။ ဒါကြောင့်မို့လို့ပွဲကကြည့်ကောင်းပေမဲ့ ကြည့်မကောင်းတာက ရုပ်ပေါက်တဲ့ဒိုင်ပါ။ ပွဲချိန် ၂၁ မိနစ်မှာတင် ၁၈ စည်းကျော်ရုံလေးနားမှာ ပင်နယ်လ်တီဟတ်ထရစ်သွင်းမဲ့ အခရမ်အဖစ်က ဂျော်ဒန်နောက်ခံလူနှစ်ယောက်ကြားမှာ လဲသွားပါလေရော။ ဘောလုံးဆိုတာက မိန်းမတွေအငြိမ့်ကနေတာမဟုတ်ဘဲ ယောကျ်ားတွေရဲ့ လက်နက်မဲ့စစ်ပွဲလေ။ ဘောလုံးမပါဘဲ ဝင်တိုးရင်း ဟန်ဆောင်လှဲချတဲ့ပုံစံက ပရီးမီးယားလိဂ်ဆိုအလွန်ဆုံးမှ ပြစ်ဒဏ်ဘောပါပဲ။ ဒါပေမဲ့ ဒိုင်ကတော့အိမ်ရှင်ကိုမျက်နှာသာပေးပြီး VAR တောင်မကြည့်ဘဲ ပင်နယ်လ်တီသတ်မှတ်လိုက်တော့ အဖစ်ကပဲဂိုးသွင်းတာကြောင့် ပွဲချိန် ၂၂ မိနစ်မှာ ပထမဆုံးပင်နယ်လ်တီနဲ့ ကာတာအဖွင့်ဂိုးရသွားပါလေရော။

အဲဒီနောက်မှာ ဂျော်ဒန်ကလည်း အနိုင်ရဖို့ကြိုးပမ်းလာတာကြောင့် ပွဲကအကြိတ်အနယ်နဲ့ကြည့်ကောင်းနေချိန်မှာပဲ ပွဲချိန် ၆၆ မိနစ်မှာ ယာဇန်အယ်လ်နိုင်မတ်က ကာတာနောက်ခံလူနှစ်ယောက်ကြားကနေ အပြင်းကန်သွင်းပြီးချေပဂိုးကို လှလှပပသွင်းယူသွားချိန်မှာ ကွင်းလယ်ဒိုင်ပျာယာခတ်သွားပါတော့တယ်။ ဒီမှာတင် ပွဲချိန် ၇၂ မိနစ်မှာ ကာတာကျောနံပါတ် ၁၇ က ဘောလုံးရဖို့ ဂျော်ဒန် နောက်ခံလူနှစ်ယောက်ကြားက တိုးထွက်ချိန်မှာ ဟန်ဆောင်လှဲချပြန်ပါလေရော။ အဲဒီမှာ VAR ချက်ခ်ပြီး ပင်နယ်လ်တီပေးပြန်ပါလေရော။ ဒီဂိုးကလည်း ၁၈ ကိုက်စည်းထိပ်နားဖြစ်တာရော၊ ဘောလုံးမပါတာရော၊ ဟန်ဆောင်လှဲချပုံစံဖြစ်တာရောကြောင့် ပင်နယ်လ်တီမပေးလည်းရပေမဲ့ ဒိုင်ကတော့ ကာတာဖလားရရေး ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားပေးမဲ့ပုံနဲ့ ပင်နယ်လ်တီပေးလိုက်တာကြောင့် ကာတာက သာသာယာယာဦးဆောင်ဂိုးသွင်းယူသွားတော့တာပါပဲ။

ပင်နယ်လ်တီ နှစ်လုံးပေးလိုက်ရချိန်မှာတော့ ဧည့်သည်ဂျော်ဒန်ပရိသတ်တွေဟာ ငွေများမတရားနိုင်လုပ်ပြီး ဖလားကိုနှစ်နှစ်ဆက် မရရအောင်ယူမဲ့ကာတာရဲ့အကြံကိုသိပြီး အသံထွက်မလာတော့ချိန်မှာပဲ မျက်နှာလိုအားရလုပ်ချင်နေတဲ့ ဒိုင်လူကြီး မာနင်ဟာ ပင်နယ်လ်တီဟတ်ထရစ်ရှင်ဖြစ်လာမဲ့ အဖစ် ဘောလုံးဆွဲပြေးလာချိန် ဂျော်ဒန်ဂိုးသမားလိုင်လာထွက်ဆွဲလို့ ဘောလုံးမထိဘဲ လဲကျတာကို ပင်နယ်လ်တီပေးပြန်ပါတယ်။ ပင်နယ်လ်တီသုံးဂိုးလုံးမှာ ဒီပင်နယ်လ်တီတစ်လုံးပဲ ပေးသင့်တယ်ဆိုပေမဲ့ ကျန်တဲ့နှစ်လုံးက မပေးသင့်တာကြောင့် ဒိုင်လူကြီးမာနင်ကခေါက်ဆွဲစားသလားမေးခွန်းထုတ်မှုတွေရင်ဆိုင်နေရပြီဖြစ်သလို ချန်ပီယံခြေစွမ်းနဲ့ ဂျော်ဒန်ကလည်း ကာတာကိုပွဲချိန်တစ်လျှောက်လုံးအသာရပေမဲ့ ဘက်လိုက်မှုတွေကြုံရတဲ့အခါ နစ်နာတဲ့အရှုံးကို ရင်ဆိုင်လိုက်ရပြီး ပင်နယ်လ်တီသုံးလုံးနဲ့ ငွေများ မတရားနိုင်သွားတဲ့ ကာတာကတော့ တပြုံးပြုံးနဲ့ပွဲခံနေကြတာပဲပေါ့ဗျာ….။

Leave a Reply

Your email address will not be published. Required fields are marked *