၈. ၂. ၂၀၂၄
Written by Ye Kyaw

သွင်းကုန်လုပ်ငန်းများ အဆင်ပြေစေရန် နိုင်ငံခြားငွေကြေးဈေးကွက်သို့ ဗဟိုဘက်က ဒေါ်လာ၊ ထိုင်းဘတ်နှင့် တရုတ်ယွမ်ငွေတို့ကို နည်းလမ်းမျိုးစုံဖြင့် ထုတ်ရောင်းပေးနေပြီး ယနေ့တွင် ဒေါ်လာ ၈ သန်း ထပ်မံထုတ်ရောင်းပေးခဲ့၍ တစ်လကျော်အတွင်း ဒေါ်လာ ၉၉ သန်းနီးပါးအထိ ရောင်းချပေးထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

လက်ရှိအချိန်သည် ဘဏ္ဍာနှစ်ကုန်ဆုံးရန်အတွက် နှစ်လကျော်သာ ကျန်ရှိတော့သဖြင့် မျှော်မှန်းထားသည့် ကုန်သွယ်မှုပမာဏများ ပြည့်မီအောင် အားစိုက်ဆောင်ရွက်နေသည့် ကာလဖြစ်ပြီး ပို့ကုန်များ ယခင်ထက်တွန်းတင်ပို့ရန် စီစဉ်နေသလို ပွင့်လင်းရာသီဖြစ်၍ ပြည်တွင်းမှာလိုအပ်သည့် သွင်းကုန်များကို ပိုမိုတင်သွင်းနေသည့် ကာလဖြစ်သည်။

ထို့ကြောင့် ဇန်နဝါရီလအတွင်း ပြည်တွင်း နိုင်ငံခြားငွေဈေးကွက်၌ ဒေါ်လာဝယ်ယူမှုမြင့်တက်လာခဲ့၍ တစ်ဒေါ်လာ ကျပ် ၃၅၀၀ အောက်သာ ရှိခဲ့သည့် ဒေါ်လာဈေးနှုန်းသည် ဇန်နဝါရီ ၂၄ ရက်မှစတင်ပြီး တစ်ဒေါ်လာ ကျပ် ၃၅၀၀ ကျော်သို့ မြင့်တက်ခဲ့ပြီး ဇန်နဝါရီ ၃၁ ရက်တွင် တစ်ဒေါ်လာ ကျပ် ၃၅၆၀ အထိ ရောက်ရှိခဲ့သည်။ ယခု ဇန်နဝါရီလဆန်းပိုင်းတွင် ဗဟိုဘဏ်က နိုင်ငံခြားငွေများ ဆက်တိုက်ထုတ်ရောင်းပေးမှုကြောင့် ဒေါ်လာဈေး အနည်းငယ်ပြန်ကျလာပြီး ယနေ့တွင် တစ်ဒေါ်လာ ကျပ် ၃၅၀၀ သို့ ပြန်လည်ကျဆင်းခဲ့သည်။

ဒေါ်လာရောင်းချပေးမှုအနေဖြင့် ဇန်နဝါရီ ၁ ရက်တွင် ၁၂ ဒသမ ၉၃ သန်း၊ ဇန်နဝါရီ ၅ ရက်တွင် ဒေါ်လာ ၁၆ သန်း၊ ဇန်နဝါရီ ၁၅ ရက်တွင် ဒေါ်လာ ၁၅ သန်း၊ ဇန်နဝါရီ ၂၅ ရက်တွင် ဒေါ်လာ ၉ သန်း၊ ဇန်နဝါရီ ၂၆ ရက်တွင် ‌‌ဒေါ်လာ ၅ သန်း၊ ဇန်နဝါရီ ၂၉ ရက်တွင် ဒေါ်လာ ၉ သန်း၊ ဖေဖော်ဝါရီ ၁ ရက်တွင် ဒေါ်လာ ၁၃ သန်း၊ ဇန်နဝါရီ ၅ ရက်တွင် ဒေါ်လာ ၁၁ သန်းနှင့် ယနေ့ ဒေါ်လာ ၈ သန်း ထပ်မံထုတ်ရောင်းပေးခဲ့၍ တစ်လကျော်အတွင်း ကိုးကြိမ်ရောင်းချပေးခဲ့ပြီး စုစုပေါင်း ဒေါ်လာ ၉၈ ဒသမ ၉၃ သန်း ထုတ်ရောင်းခဲ့သည်။

ထို့အတူ ဇန်နဝါရီ ၁၉ ရက်တွင် ထိုင်းဘတ် သန်း ၅၀၊ ဇန်နဝါရီ ၂၅ ရက်တွင် ထိုင်းဘတ် သန်း ၂၀၀ နှင့် ဇန်နဝါရီ ၂၆ ရက်တွင် ထိုင်းဘတ် သန်း ၅၀ နှင့် ယနေ့တွင် ထိုင်းဘတ်သန်း ၂၀၀ ထပ်မံထုတ်ရောင်း၍ တစ်လတွင်း စုစုပေါင်း ထိုင်းဘတ်သန်း ၅၀၀ ထုတ်ရောင်းပေးခဲ့သလို ဇန်နဝါရီ ၁ ရက်တွင် အမေရိကန်ဒေါ်လာ ၄ သန်းနှင့်ညီမျှသော တရုတ်ယွမ်ငွေအား SWAP Facility (ကျပ်ငွေကို အပေါင်ယူပြီး ၎င်းနှင့်ညီမျှသော နိုင်ငံခြားငွေထုတ်ပေးခြင်း) စနစ်ဖြင့် ဗဟိုဘဏ်က ထုတ်‌ရောင်းပေးထားခြင်းလည်းဖြစ်သည်။

နိုင်ငံခြားငွေဈေးကွက်သို့ မဟုတ်ဘဲ သီးခြားအနေဖြင့် လူသုံးကုန်နှင့် ‌ဆေးဝါးကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍနှင့် ဆက်သွယ်ရေးပိုင်းဆိုင်ရာ သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာ ၁ ဒသမ ၄ သန်း၊ တရုတ်ယွမ် ၄ ဒသမ ၂ နှင့် ထိုင်းဘတ် ၁၃ ဒသမ ၅ သန်း ရောင်းချပေးခဲ့သလို စက်သုံးဆီတင်သွင်းသော ကုမ္ပဏီများအတွက် လိုအပ်သည့် ဒေါ်လာများကို နှစ်ကြိမ်ထုတ်ရောင်းပေးခဲ့မှု စုစုပေါင်းပမာဏ ဒေါ်လာ ၂၂ ဒသမ ၁၅ သန်းရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *