SAC ဥက္ကဋ္ဌထံ NCA ရေးထိုးထားသည့် လက်နက်ကိုင်အဖွဲ့များ အောက်တိုဘာ ၂၉ ရက်က လာရောက်တွေ့ဆုံစဥ်

MT News

Written by Myo Khine

ငြိမ်းချမ်းရေးဖြစ်စဉ်ဦးဆောင်မှုအဖွဲ့(PPST) က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် မတွေ့ဆုံမီ SAC နှင့် နေပြည်တော်တွင် ဆုံတွေ့မည် ဖြစ်ကြောင်း PPST အဖွဲ့ဝင် ဗိုလ်မှူးကြီးခွန်ဥက္ကာ က MT News သို့ ပြောသည်။

ယင်းသို့ SAC နှင့် ဆုံတွေ့ရန် ဦးဆောင်အဖွဲ့တစ်ဖွဲ့ကို နိုဝင်ဘာလ နောက်ဆုံးအပတ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့ နှင့် ဖွဲ့စည်းခဲ့ပြီး ယင်းအဖွဲ့ကို RCSS က ဦးဆောင်ကြောင်း ၎င်းက ဆိုသည်။

ဦးဆောင်အဖွဲ့တွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU-KNLA(PC) ၊ ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တို့ ပါဝင်ကြခြင်းဖြစ်သည်။

“PPST နဲ့ EAOs တွေ တွေ့ဆုံဖို့က Organize လုပ်နေတဲ့ အဆင့်ရောက်နေပြီ။ အဲဒီလို Organize လုပ်နေတဲ့ အချိန်မှာပဲ နေပြည်တော် SAC ကိုလည်း နားဖောက်ပြီးတော့ ခင်ဗျားတို့ကို အနှောင့်အယှက်မဖြစ်ပါဘူး။ ဒီကိစ္စအပေါ်မှာ နားလည်မှုပေးပါဆိုပြီးတော့ ပြောဖို့လည်း ပြင်ဆင်နေကြတယ်။ တရားဝင်တော့ မပြောရသေးဘူး။ ပြင်ဆင်ပြီးတော့ အလွတ်သဘောဆွေးနွေးမယ့်အဖွဲ့ကိုလည်း လွန်ခဲ့တဲ့ နှစ်ရက်သုံးရက်လောက်က ဖွဲ့ထားပြီးပြီ။ ဝမ်းသာစရာကောင်းတာက အလွတ်သဘောဖွဲ့တဲ့အဖွဲ့မှာ RCSS က အဖွဲ့ခေါင်းဆောင် တာဝန်ယူပေးတယ်။ အဲဒါကြောင့် RCSS ဦးဆောင်ပြီးတော့ အဖွဲ့ ၇ ဖွဲ့က နေပြည်တော်နဲ့ အလွတ်သဘော တွေ့တဲ့အခါ EAO Seminar လုပ်ဖို့လည်း တစ်ခါတည်း နားဖောက်ဖို့အစီအစဉ် ရှိပါတယ်။ ဒီဇင်ဘာမှာ ရက်နည်းနည်း ကျပ်ရင်တောင်မှ ဇန်နဝါရီ ဒုတိယပတ်လောက်မှာ အကောင်အထည်ဖော်နိုင်မှာပါ”ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာ က ဆိုသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီကလည်း ပြီးခဲ့သည့် အောက်တိုဘာ လ ၁၀ ရက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲအစည်း အားလုံးနှင့် လေးလအတွင်း တွေ့ဆုံဆွေးနွေးလိုကြောင်း ကမ်းလှမ်းချက် ထုတ်ပြန်ခဲ့သေးသည်။

ယင်းထုတ်ပြန်ချက်အပေါ် တိုက်မည်ခိုက်မည်ဆိုသော ရန်လိုစကားများပြောနေခြင်းထက် ပဋိပက္ခကိုလျော့ကျစေသည့် အတွက် RCSS ၏ ကမ်းလှမ်းချက်အပေါ် ကြိုဆိုကြောင်း၊ PPST အနေဖြင့် လက်ရှိနိုင်ငံရေး အကျပ်အတည်းကိစ္စကို NCA ၏ မူဝါဒ ၃ ရပ်နှင့်အညီ လုပ်နေသည့်အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် တွေ့ဆုံရန် စီစဉ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကပြောထားသည်။

“SAC နဲ့ တွေ့တဲ့အခါ ဆွေးနွေးရေးတွေလုပ်မယ်။ ညှိနှိုင်းမှုတွေ လုပ်မယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆက်အကောင် အထည်ဖော်မယ်။ NCA လမ်းကြောင်းပိတ်တာကို ဆက်ဖွင့်မယ်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ရှင်းမယ်။ အဲဒါတွေကို ပြောမ​ယ်။ အလွတ်သဘောလေ။ အခု AA နဲ့ SAC တောင် အလွတ်သဘော ရပ်ထားတာ။ အဲဒီထက်သာအောင်လုပ်မယ်။ ဒီအဖွဲ့က ပလက်ဖောင်းတစ်ခု ဆောက်ပေးတဲ့သဘော။ အခုက ကျန်တဲ့အဖွဲ့တွေ ပါဝင်ဖို့အတွက် တစ်ဖွဲ့ချင်းလိုက်ပြီးစည်းရုံးနေတယ်။ KNPP နဲ့ တွေ့ပြီးပြီ။ KIO နဲ့ တွေ့မယ်။ ချင်းနဲ့တွေ့မယ်။ KNU နဲ့လည်းတွေ့မယ်။ တိုင်းရင်းသားအဖွဲ့အချင်းချင်း ဆုံဆည်းတဲ့အခါ ပါဝင်ကြဖို့ အောက်ခြေကနေး နေရာပေပြီးတော့ လုပ်ရမယ်”ဟု ၎င်းက ဆက်ပြောသည်။

PPST ကို အစိုးရနှင့် နိုင်ငံရေးညှိနှိုင်းမှုများပြုလုပ်နိုင်ရန် ရည်ရွယ်၍ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြင့် လွန်ခဲ့သည့် ၂၀၁၆ ခုနှစ်က ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ယင်းတွင် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ -KNU-KNLA(PC)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) တို့ ပါဝင်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *