၂၄. ၂. ၂၀၂၄
Written by Thettant

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ ရက် ညပိုင်းက ထိုင်းဘုရင့်ဖလား ဗိုလ်လုပွဲအဖြစ် ထိုင်းနိုင်ငံသူဖယာဆင်ဂါနဲ့ ထိုးသတ်ရာမှာ မြန်မာ့ကယန်းကျားသစ်မယ် ဘရော်နီကာက ဖယာဆင်ဂါကို ပထမအချီပွဲမပြီးခင် ဒိုင်ပွဲရပ်နဲ့ အလဲထိုး ထပ်အနိုင်ယူပြီး ထိုင်းဘုရင့်ဖလား ချန်ပီယံဆုကို ထပ်မံကာကွယ်သွားနိုင်ခဲ့သလို လက်ရှိမှာတော့ မနက်ဖြန် ဖေဖော်ဝါရီ ၄ ရက်ညနေမှာ ထိုင်းနိုင်ငံသူ Nongbew Tor Thepsutin နဲ့ ထိုးသတ်တော့မှာဖြစ်ပါတယ်။

“ဆေးစစ်ဝိတ်ချိန်ပြီးပါပြီ။ မနက်ဖြန်ပွဲအတွက် အကောင်းဆုံးကြိုးစားပါ့မယ်နော်။ အားပေးဖို့မမေ့ကြပါနဲ့ဦး”လို့ ဘရော်နီကာက ဒီနေ့မနက်မှာ အသိပေးလာပါတယ်။

ထိုင်းဘုရင့်ဖလား နှစ်နှစ်ဆက် နှစ်ထပ်ကွမ်းချန်ပီယံ ဘရော်နီကာနဲ့ ထိုင်းနိုင်ငံသူ Nongbew တို့ဟာ ဟွာဟင်းမြို့မှာ ယှဉ်ပြိုင်ထိုးသတ်မှာဖြစ်ပြီး ဒီတစ်ကြိမ်ပြိုင်ဘက်က ဘရော်နီကာထက် အရပ်အမောင်းအလုံးအထည်သာလွန်သလို အသက်အရွယ်အားဖြင့်လည်း ၇ နှစ်လောက်ငယ်ရွယ်ပြီး ၂၉ ပွဲနိုင် ၁၁ ပွဲရှုံးရလဒ် ပိုင်ဆိုင်ထားသူဖြစ်ကာ WMO မွေထိုင်းရဲ့ စူပါဘင်တန်ဝိတ်တန်းမှာ ကမ္ဘာ့အဆင့် ၁၀ နေရာ ရပ်တည်နေသူဖြစ်ပါတယ်။

ဘရော်နီကာကတော့ WMO မွေထိုင်းရဲ့ ၂၀၂၂ ခုနှစ် အကောင်းဆုံးဆုရှင်ဖြစ်သလို ၂၀၂၃ ခုနှစ်အတွက်လည်း ထိပ်တန်းအမျိုးသမီး ၁၀ ယောက်စာရင်းမှာ အဆင့် ၆ ချိတ်ခဲ့တဲ့အပြင် စူပါဘင်တန်ဝိတ်တန်းမှာ နံပါတ် ၁ နေရာကို ခြွင်းချက်မရှိ ပိုင်ဆိုင်ထားသူဖြစ်သလို ၁၆ ပွဲဆက်အနိုင်ရထားသူဖြစ်ပေမဲ့လည်း Nongbew ရဲ့ ငယ်ရွယ်မှု၊ လိင်ပြောင်းထားတယ်လို့ အသံထွက်နေမှုနဲ့ အရပ်အမောင်းမြင့်မားသန်စွမ်းမှုတို့ကြောင့် ဘရော်နီကာအတွက် ပြိုင်ဘက်ကောင်းနဲ့ဆုံရတာလို့ သတ်မှတ်ထားတာကြောင့် မနက်ဖြန်ညပွဲဟာ ပွဲကြီးပွဲကောင်းကြည့်ရမှာဖြစ်သလို မြန်မာပရိသတ်တွေကလည်း ဘရော်နီကာအနိုင်ရဖို့ တခဲနက်ဆုတောင်းနေတာကို တွေ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *