၂. ၂. ၂၀၂၄
Written by Tha Doe

၁။

ပြီးခဲ့တဲ့ ၂၀၂၃ ကမ္ဘောဒီးယားဆီးဂိမ်းဗိုလ်လုပွဲမှာ မြန်မာလက်ဝှေ့ကျော် ထွန်းထွန်းမင်းဟာ 81 Kg ဗိုလ်လုပွဲအဖြစ် ပရွမ်ဆန်နန်း (Prom Samnang) နဲ့ ထိုးသတ်ခဲ့ရာမှာ ရှုံးနိမ့်ခဲ့ပေမဲ့ လာမဲ့ ၃ လပိုင်းမှာတော့ သူတို့ကြားက မကျေပွဲအဖြစ် ထွန်းထွန်းမင်းနဲ့ ပရွမ်ဆန်နန်းတို့ ခမာမြေမှာ ခွန်ခမာစည်းမျဥ်းနဲ့ ယှဉ်ပြိုင်ထိုးသတ်ကြတော့မှာပါ။

သူတို့နှစ်ယောက် မကျေပွဲမယှဉ်ပြိုင်ခင်မှာ မြန်မာ့လက်ဝှေ့ကိုယ်စားပြုထိုးသတ်နေတဲ့ ဒေ့ဗ်နဲ့ Prom တို့ရဲ့ ပွဲကြီးပွဲကောင်းကိုလည်း ကမ္ဘာက မြင်ခဲ့ကြပြီး ဒေ့ဗ်ဟာ ခမာမြေမှာ ထွန်းထွန်းမင်းရှုံးခဲ့တဲ့ Prom ကို လွယ်လွယ်ကူကူအသာစီးထိုးသတ်ပြပြီး မြန်မာ့လက်ဝှေ့ဂုဏ်ကို မြှင့်တင်ပေးခဲ့သလို အားလုံးကလည်း ဒေ့ဗ်ကို Prom မယှဉ်နိုင်တာ၊ မြန်မာနဲ့ ထိုင်းနိုင်ငံကို ပြန်ဝင်ဖို့မဖြစ်နိုင်တော့တဲ့ ဒေ့ဗ်က ကမ္ဘောဒီးယားမှာတော့ အဝင်လှချင်လို့ Prom ကို အလဲထိုးနိုင်ရဲ့သားနဲ့ တမင်သရေယူခဲ့တာလို့ သုံးသပ်ကြတာပါ။

ဒီတော့ ဒေ့ဗ်က အစီးသရေ ပေါ့ပေါ့ပါးပါးထိုးသတ်ပြခဲ့တဲ့ Prom ကို ထွန်းထွန်းမင်းက လက်စားချေမယ်ဆိုတဲ့ပွဲမှာ တကယ်ချေနိုင်ပါ့မလား။ သူ့ညီ ထွန်းမင်းနိုင်လို ပထမအချီ အလဲထိုးနဲ့ ရှုံးထားတဲ့ မလေးရှားဖိုက်တာ Kabilan Jelevan ကို ရှုံးကြွေးဆပ်မယ်ဆိုပေမဲ့ ထပ်မံဒူးထောက်ပြီး အကြွေးထပ်တင်တာမျိုးဖြစ်မလားဆိုတာကတော့ တွေးစရာဖြစ်လာပါတယ်။

၂။

ထွန်းထွန်းမင်းနိုင်မလား၊ ရှုံးကြွေးထပ်တင်မလားဆို ပြီးခဲ့တဲ့ ဆီးဂိမ်းဗိုလ်လုပွဲကို ပြန်ကြည့်မယ်ဆို အဲဒီပွဲမှာ ထွန်းထွန်းမင်းဟာ ပထမအချီ စက္ကန့် ၂၀ လောက်ကတည်းက Prom ရဲ့ ခြေကန်ချက်မိပြီး ကြမ်းပြင်ပေါ် ရုပ်ပျက်ဆင်းပျက်ပြုတ်ကျခဲ့တာပါ။ ကန်ချက်က မတော်ရာကိုထိသွားတယ်လို ထွန်းထွန်းမင်း အကြောင်းပြပေမဲ့ ရုပ်သံထဲမှာတော့ လေထဲခုန်ကန်တဲ့ထွန်းထွန်းမင်းကို Prom က ဖြတ်ကန်တဲ့ ညာခြေကန်ချက်က ဝမ်းဗိုက် အောက်ခြေပဲ ထိသွားတာပါ။ ဒီ့နောက်မှာလည်း Prom ရဲ့ ကန်ချက်တွေ ဒူးတိုက်ချက်တွေထိပြီး ထွန်းထွန်းမင်းဟာ လူကောင်သာတဲ့ Prom ကို ဒေ့ဗ်လိုပဲ ထိုးရခက်နေခဲ့သလို ပထမပိုင်းတစ်ချီလုံး ထိမိတဲ့အမှတ်ရတဲ့ထိုးချက် နှစ်ချက်လောက်ပဲ ရခဲ့ပါတယ်။

ဒုတိယအချီမှာ ထွန်းထွန်းမင်းက ပထမအချီအရေးနိမ့်မှုကို ကာမိဖို့ ဆိုင်ထိုးပြိုင်ထိုးပိုလုပ်လာခဲ့ပေမဲ့ ပထမအချီ လိုပဲ ပွဲအစ စက္ကန့် ၂၀ အတွင်းမှာကို Prom ရဲ့ ဒူးတိုက်ချက်က အရှိုက်ရဲ့အထက်နား တည့်တည့် ထိသွားပါသေး တယ်။ အဆိုးဆုံးက ခြေတံလက်တံရှည်တဲ့ Prom နဲ့ ကပ်လုံးချိန်မှာ ထွန်းထွန်းမင်းရဲ့ လက်သီးတွေက လေထဲပျံ နေပြီး Prom ရဲ့ ထိချက်ထိုးချက်တွေကပဲ ပိုထိနေခဲ့တာပါ။ ပိုပိုဆိုးတာက ဒုတိယအချီမှာလည်း ထွန်းထွန်းမင်းဟာ ကြမ်းပေါ်ဒူးခွေကျတာ၊ ထိုးချက်မိပြီး ကြမ်းပေါ်ခွေကျတာနဲ့ ထိချက်နာခဲ့တာပါ။ ပထမအချီရော ဒုတိယအချီပါ အသာစီးထိုးထားတဲ့ Prom ဟာ တတိယအချီမစမီကတည်းက အောင်ပွဲခံပြခဲ့ပြီး တတိယအချီပွဲချိန်အတွင်းမှာတော့ ထွန်းထွန်းမင်းကို နိုင်ပြီဆိုတာ သေချာတဲ့အထာနဲ့ ပေါ့ပေါ့းပါးပါး ထိုးသတ်သွားတာကို ခံလိုက်ရတော့တာပါပဲ။

တကယ်တော့ Prom Samnang ဟာ ဆီးဂိမ်းဆီမီးဖိုင်နယ်မှာ ထွန်းထွန်းမင်း ဖြတ်ကျော်ခဲ့ရတဲ့ Nguen Van Chein လောက် အလုံးအထည်ပါပဲ။ Nguen Van Chein နဲ့ ပွဲမှာ ထွန်းထွန်းမင်းဟာ ပျာယာခတ်မနေဘဲ သူတင်ကိုယ်တင်ကိုမှ ထိချက်ထိုးချက်တွေ မှန်ခဲ့လို့ ပြိုင်ဘက်ကို လဲကျအောင်ထိုးခဲ့တာကြောင့် နိုင်ခဲ့တာဖြစ်ပေမဲ့ Prom Samnang ကိုတော့ ပြောင်းပြန်ဖြစ်ခဲ့ရတာပါ။

ဒါ့အပြင် ပြီးခဲ့တဲ့နှစ် ဇန်နဝါရီ ၂၉ ရက်က ကျင်းပခဲ့တဲ့ TGL#3 The Great Lethwei မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲကြီးမှာ သွေးသစ်ဝင်းလှိုင်က ထွန်းထွန်းမင်းကို အမှတ်နဲ့အနိုင်ယူပြီး မြန်မာပြည် ပထမတန်းချန်ပီယံဘွဲ့ကို လွှဲပြောင်းယူသွားခဲ့တာကြောင့် ဩဂုတ်၂၀ က MLWC ပွဲမှာ သူတို့ကြားက မကျေပွဲကို ဆင်နွှဲခဲ့ကြတာပါ။ အဲဒီပွဲမှာပြန်ကြည့်မယ်ဆိုရင်လည်း သွေးသစ်ဝင်းလှိုင်ရဲ့ ကောင်တာချောင်းကစားတဲ့ ထိုးသတ်ဟန်ကို ဖြေရှင်းဖို့ အဖြေမတွေ့ခဲ့ဘဲ ပထမအကြိမ်လို ထပ်ရှုံးမှာကြောက်နေလို့ ဖွင့်မထိုးရဲတာကြောင့် ပူးတွဲသရေကျခဲ့တာပဲ ရင်ဆိုင်ခဲ့ရတာပါ။ ဒီတော့ ထွန်းထွန်းမင်းက ပထမအကြိမ် သူရှုံးထားတဲ့ Prom ကို ရှုံးကြွေးဆပ်နိုင်ပါ့မလားဆိုတာက တွေးဆစရာပါ။

၃။

ထွန်းထွန်းမင်းနဲ့ Prom ဟာ အသက်အရွယ်ချင်း ချိန်ဆမယ်ဆိုရင် Prom က ၃၇ နှစ် ရှိနေပါပြီ။ အရပ်ကတော့ ၆ ပေပါ။ ထွန်းထွန်းမင်းက ၃၁ နှစ်ပဲရှိသေးပြီး အရပ်ကတော့ ၅ ပေ ၁၀ လက်မပါ။ ပြောရမယ်ဆိုရင် အသက်အရွယ်အပိုင်းအခြားအရဆိုရင် Prom က အိုနေပြီလို့ ပြောရမှာပါ။ ဒါပေမဲ့သူက ထွန်းထွန်းမင်းလိုမျိုး အားသုံးထားတဲ့ လက်သီးတွေ၊ ခြေကန်ချက်တွေ လေထဲမှာ အလဟဿအဖြစ်ခံပြီး သက်လုံကျခံတဲ့သူမျိုးမဟုတ်ဘဲ လက်ဝှေ့ကို ဦးနှောက်သုံးကစားတာဖြစ်ပြီး ထွန်းထွန်းမင်းရဲ့ အားနည်းချက်တွေကတော့ လက်သီးချက်တွေ ခြေကန်ချက်တွေက အားပါပြီး မထိရောက်တာပါ။ အားပါပြီး မထိရောက်တဲ့ Fully Extending လက်သီးချက်တွေ၊ ခြေကန်ချက်တွေက စွမ်းအင်တွေ ပါဝါတွေ အလဟဿဖြစ်ပြီး သက်လုံအမြန်ကျတဲ့ ပြဿနာကို ရင်ဆိုင်ရတာပါ။

ဒီအချိန်မှာ Prom ကလည်း ဒေ့ဗ်ကို အနိမ့်သရေနဲ့ မရှုမလှအထိုးခံထားရတာဖြစ်လို့ သူ တစ်ကြိမ်နိုင်ပြီးသား မြန်မာ့လက်ဝှေ့ကိုယ်စားပြု ထွန်းထွန်းမင်းကို သူ့မြေ၊ သူ့ရေ၊ သူ့ကွင်းရှေ့မှာ အနိုင်ပြန်ယူပြီး သိက္ခာဆယ်ဖို့ အားခဲနေမှာပါပဲ။

ထွန်းထွန်းမင်းကတော့ “ကျွန်တော့်ပွဲကို မျှော်လင့်နေတဲ့ ပရိသတ်တွေအတွက် ၂၀၂၃ ဆီးဂိမ်းမှာတင်ခဲ့တဲ့ အကြွေးအတွက် ၂၀၂၄ သုံးလပိုင်းမှာ ဆပ်ခွင့်ရပြီ” လို့ ကြုံးဝါးပါတယ်။

ထွန်းထွန်းမင်းကြုံးဝါးသလိုမျိုး တကယ်ပဲ Prom ကို အနိုင်ယူနိုင်မလား…… သူ့မြေသူ့ရေမှာ ထပ်ရှုံးပြီး အကြွေးထပ်တင်လာမလားဆိုတာကတော့ မကြာခင်လပိုင်းမှာ မြင်ရတွေ့ရ ကြည့်ရတော့မှာပါလို့ပဲ…။

Leave a Reply

Your email address will not be published. Required fields are marked *