၃၁. ၁. ၂၀၂၄
Written by Pan Ei

ပြင်သစ်သူဌေးကြီး ဘားနတ် အားနော့လ်က ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဆိုတဲ့နေရာကို ရက်အတော်ကြာ သိမ်းပိုက်ပြီးနောက် ဒီနေ့မှာတော့ ကမ္ဘာကျော် ကားကုမ္ပဏီ Tesla ရဲ့ အမှုဆောင်အရာရှိချုပ် အီလွန်မက်စ် က သူ့ရဲ့ အရင်ရာထူးကို ပြန်လည်ရယူနိုင်ခဲ့ပါတယ်။

တနင်္လာနေ့က Tesla ရဲ့ စတော့ရှယ်ယာစျေးနှုန်းတွေက ၄ ဒသမ ၂ ရာခိုင်နှုန်း ခုန်တက်သွားတာကြောင့် မက်စ်က ဇန်နဝါရီ ၃၁ ရက်အထိ ပိုင်ဆိုင်မှု ခန့်မှန်းခြေအသားတင်တန်ဖိုး အမေရိကန်ဒေါ်လာ၂၁၀ ဒသမ ၆ ဘီလျံနဲ့ ပြန်လည် ဦးဆောင်နေတာဖြစ်တယ်လို့ Forbes က ဖော်ပြခဲ့ပြီး ခုလိုပြောင်းလဲမှုနှင့်အတူ ပြင်သစ်ဇိမ်ခံပစ္စည်းကုမ္ပဏီ LVMH ရဲ့တည်ထောင်သူ၊ ဥက္ကဋ္ဌနဲ့ စီအီးအို ဘားနတ် အားနော့လ်က ဒေါ်လာ ၂၀၈ ဒသမ ၇ ဘီလျံနဲ့ ဒုတိယနေရာကို ရောက်သွားပြန်ပါတယ်။

မကြာသေးမီနှစ်တွေကတည်းက အီလွန်မက်စ်နဲ့ ဘားနတ် အားနော့လ်တို့နှစ်ဦးဟာ လိုချင်တပ်မက်ဖွယ်ဖြစ်တဲ့ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဆိုတဲ့ ဂုဏ်ပုဒ်အတွက် အဆက်မပြတ်ယှဉ်ပြိုင်နေခဲ့ကြတာဖြစ်ပြီး သူတစ်လှည့်၊ ကိုယ်တစ်လှည့်ဦးဆောင်နေကြတာလည်းဖြစ်ပါတယ်။

မကြာသေးမီ ရက်တွေအတွင်းက Tesla ရဲ့ စတော့ရှယ်ယာတွေ ကျဆင်းမှုကြောင့် မက်စ်ရဲ့အသားတင်ပိုင်ဆိုင်မှုက အမေရိကန်ဒေါ်လာ ၂၀၄ ဒသမ ၅ ဘီလျံအထိ ကျဆင်းသွားခဲ့ပြီး ပြင်သစ်ဘီလျံနာ အားနိုက ဒေါ်လာ ၂၀၇ ဒသမ ၈ ဘီလျံနဲ့ မက်စ် ကို ကျော်လွန်ကာ ပထမနေရာကို ရောက်ရှိခဲ့တာပါ။

ဒီနေ့ (ဇန်နဝါရီ ၃၁ ရက်)အထိ ချမ်းသာကြွယ်ဝမှုတွေက သူတို့နှစ်ဦးရဲ့ နောက်မှာ Amazon တည်ထောင်သူ Jeff Bezos က အသားတင်ပိုင်ဆိုင်မှု ဒေါ်လာ ၁၈၁ ဒသမ ၂ ဘီလျံရှိမယ်လို့ Forbes က ခန့်မှန်းထားပြီး နည်းပညာကုမ္ပဏီ Oracle ရဲ့ပူးတွဲတည်ထောင်သူ Larry Ellison က ကြွယ်ဝမှု ဒေါ်လာ ၁၄၂ ဒသမ ၁ ဘီလျံနဲ့ စတုတ္ထနေရာမှာရှိနေကာ Facebook စီအီအို Mark Zuckerberg က ဒေါ်လာ ၁၄၁ ဒသမ ၂ ဘီလျံနဲ့ ပဉ္စမနေရာမှာ ရပ်တည်နေပါတယ်။

Ref; Forbes

Leave a Reply

Your email address will not be published. Required fields are marked *