၃၁. ၁. ၂၀၂၄
Written by Ye Kyaw

ရန်ကုန်တိုင်းအတွင်း ‌ရော်ဘာသစ် အချောထည်ထုတ် လုပ်၍ ပြည်ပတင်ပို့မည့်လုပ်ငန်း အပါအဝင် စက်မှုလုပ်ငန်းကဏ္ဍတွင် ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၇ ခုနှင့် ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၁ ခုကို အတည်ပြုပေးနိုင်ခဲ့သဖြင့် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၆၅၀၀ ကျော် ရရှိနိုင်မည်ဖြစ်ကြောင်း ဇန်နဝါရီ ၃၀ ရက်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ ( ၁/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးမှ သိရသည်။

ခွင့်ပြုပေးခဲ့သည့် အဆိုပါ လုပ်ငန်းများမှာ CMP စနစ်ဖြင့် Wearing Apparel အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်း၊ ပြည်တွင်း၌ ၁၀၀ ရာခိုင်နှုန်း ရောင်းချမည့် အထည်ချုပ်လုပ်ငန်းတွင် အသုံးပြုသော ပလပ်စတစ်အိတ် အမျိုးမျိုး ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ ရော်ဘာသစ်အချောထည်များ ထုတ်လုပ်၍ ၁၀၀ ရာခိုင်နှုန်း ပြည်ပတင်ပို့ခြင်းလုပ်ငန်းနှင့် အထည်ချုပ်လုပ်ငန်းတွင် အသုံးပြုသော Carton Box များ ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းတို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းပမာဏမှာ အမေရိကန်ဒေါ်လာ ၆ ဒသမ ၃၉၉ သန်း ဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း (၆,၅၅၁) ဦးအတွက် ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီအနေဖြင့် ရှိပြီးသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအား တည်မြဲအောင် အထောက်အကူပေးခြင်း၊ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးမြှင့် မြှုပ်နှံလာအောင် ပံ့ပိုးခြင်း၊ ၎င်းတို့နှင့်ဆက်စပ်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အသစ်များကို ဆွဲဆောင်ခြင်းတို့ကို ဆောင်ရွက်ပြီး ထိုမှတစ်ဆင့် ရန်ကုန်တိုင်းအတွင်း အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်လာစေရန်နှင့် လူမှုစီးပွားဘဝ ပိုမိုဖွံဖြိုး တိုးတက်လာအောင် ဆောင်ရွက်ပေးလျှက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *