၃၁. ၁. ၂၀၂၄
Written by Hey Mar

မကွေးမြို့မှာ ဆိုင်ကယ် မတော်တဆမှု၊ ယာဉ်မတော်တဆမှုတွေ ရက်ဆက်ဖြစ်ပွားနေပြီး ဖြစ်စဉ်တွေက ယာဉ်စည်းကမ်း လမ်းစည်းကမ်း မလိုက်နာမှုတွေအပြင် ယာဉ်နဲ့ ဆိုင်ကယ် စီးနင်းမောင်းနှင်ရာမှာ ဆောင်ရန် ရှောင်ရန်တွေကို မလိုက်နာကြတဲ့အတွက်လို့ ဒေသခံလူမှုကူညီရေးအသင်းဖြစ်တဲ့ မြေပြင်လူမှုကူညီရေးအသင်းမှ ဥက္ကဋ္ဌ ဦးဇော်နိုင်က MT News ကို ပြောပါတယ်။

ဇန်နဝါရီ ၂၉ ရက်နေ့ကနေ ဒီနေ့ ၃၁ ရက်နေ့အထိ ဖြစ်စဉ် ငါးခုထက်မနည်း ဖြစ်ပွားခဲ့ပြီး မြေပြင်လူမှုကူညီရေးအသင်းက ကူညီဆောင်ရွက်ခဲ့ရတဲ့ ဖြစ်စဉ် သုံးခုရှိခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ဖြစ်စဉ်က မကွေးမြို့၊ ပြည်တော်လမ်းနဲ့ အဝေရာလမ်းဆုံမှာ ဖြစ်ပွားခဲ့ပြီး ဟိုက်ဂျက်ကားနဲ့ အိုးဝေသုံးဘီးဆိုင်ကယ်တို့ မတော်တဆတိုက်မိကာ အိုးဝေမောင်းနှင်သူ ထိခိုက်ဒဏ်ရာရ(သတိလစ်)လူနာအမျိုးသားကို မကွေး ပြည်သူ့ဆေးရုံကြီး အရေးပေါ်ကုသရေးဌာနဆီ ပို့ဆောင်ကူညီခဲ့ရတာပါ။ မနေ့က ဇန်နဝါရီ ၃၀ ရက်နေ့မှာလည်း မကွေးမြို့ စက်မှုလက်မှုသိပ္ပံ(GTI)ကျောင်းလမ်းမှာ ဆိုင်ကယ်တစ်စီး အရှိန်လွန်တိမ်းမှောက်မှုဖြစ်ပွားပြီး လမ်းဘေးချောက်ထဲကို စီးနင်းသူပြုတ်ကျတဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။ ဇန်နဝါရီ ၂၉ ရက်နေ့မှာတော့ ဧရာဝတီတံတား(မကွေး) P-18နဲ့ P-19 အကြား၊ မင်းဘူးဘက်ခြမ်းမှာ ဆိုင်ကယ်တစ်စီး အရှိန်လွန်တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရလူနာအမျိုးသမီးနှစ်ဦးကို မင်းဘူးပြည်သူ့ဆေးရုံဆီ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ မြေပြင် လူမှုကူညီရေးအသင်းကနေ သိရပါတယ်။

“ဒီရက်ပိုင်း ယာဉ်မတော်တဆမှုတွေက ရက်ဆက်ဖြစ်လာတော့ ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာကြဖို့၊ သတိထားမောင်းနှင်ကြဖို့ အသင်းအနေနဲ့ ဆော်ဩဖြစ်တာတော့ရှိပါတယ်။ ဖြစ်စဉ်တွေကို ကြည့်လိုက်ရင် ဆိုင်ကယ်မောင်းတဲ့အခါ ဆိုင်ကယ်စီး ဦးထုပ်မဆောင်းတာ၊အချက်ပြမီးမပါတာ၊ နောက်မီးမပါတာတွေ ဆိုင်ကယ် အင်္ဂါ မစုံတာပေါ့။ နောက်မီးမပါ ရောင်ပြန်မပါဆိုတော့ နောက်ကနေ ဝင်တိုက်ရော။ အရှိန်ပြင်းတိုက်မိတာ မဟုတ်ပေမယ့်လည်း ဆိုင်ကယ်စီးဦးထုတ်မပါတော့ ခေါင်းထိတာတွေ ဖြစ်တယ်။ ဒီရက်ထဲဖြစ်တာတွေဆို သေစေလောက်အောင်မဟုတ်ပေမယ့် အခုထိတော့ လူနာတွေ ဆေးရုံကနေ မဆင်းကြရသေးဘူး” လို့ မြေပြင်ကူညီရာမှာ ကြုံတွေ့ရတဲ့ အခြေအနေတွေကို ပြောပါတယ်။

ဓာတ်ပုံ – မြေပြင်လူမှု ကူညီရေးအသင်း

Leave a Reply

Your email address will not be published. Required fields are marked *