MT News
၃၀.၁. ၂၀၂၄

ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)နှင့် အာရှဘောလုံး အဖွဲ့ချုပ်တို့မှ အသိအမှတ်ပြုထားသည့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ရွေးကောက်ပွဲ စည်းမျဉ်းများအတိုင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌများနှင့် အလုပ်အမှုဆောင်အဖွဲ့ ရွေးကောက်ပွဲကို ၂၀၂၄ ခုနှစ် မတ်လ ၃၀ ရက် (စနေနေ့)တွင် ရန်ကုန်မြို့၌ ကျင်းပပြုလုပ်သွားမည်ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ယနေ့ထုတ်ပြန်ထားသည်။

အဆိုပါ ရွေးချယ်မှုမှာ၂၀၂၄ ခုနှစ်မှ ၂၀၂၈ ခုနှစ်ထိ ၄ နှစ်သက်တမ်းဖြစ်ပြီး အလုပ်အမှုဆောင်နေရာများ ရွေးချယ်ရာတွင် အဖွဲ့ချုပ် ဥက္ကဋ္ဌ – ၁ ဦး၊ ဒုတိယ ဥက္ကဋ္ဌ – ၃ ဦး (အမျိုးသား – ၂ဦးနှင့် အမျိုးသမီး -၁ ဦး)၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ (၆) ဦး၊ မြန်မာနေရှင်နယ်လိဂ်-၁ (၃) ဦး၊ မြန်မာနေရှင်နယ်လိဂ်-၂ (၁) ဦး၊ ဒိုင်ကော်မတီ (၁) ဦး၊ နည်းပြကော်မတီ (၁) ဦး၊ ကစားသမား ကော်မတီ (၁) ဦး၊ အမျိုးသမီးဘောလုံး ကော်မတီ (၁) ဦး၊ ဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီ (၁) ဦး၊ စုစုပေါင်း ၁၉ ဦး ရွေးကောက်တင်မြှောက်သွားမည် ဖြစ်သည်။

အထက်ဖော်ပြပါ ရွေးချယ်ခံမည့် နေရာများအတွက် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းရန် လျှောက်လွှာများကို ဖေဖော်ဝါရီ ၇ ရက်နေ့မှစတင်၍ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ရုံး တည်ရှိရာ(Goal Hotel၊ ဝေဇယန္တာလမ်း၊ သုဝဏ္ဏ၊ သင်္ဃန်းကျွန်းမြို့နယ်) ရွေးကောက်ပွဲ ကော်မရှင် ရုံးခန်းတွင် နံနက်(၁၀)နာရီမှ မွန်းလွဲ(၃)နာရီအတွင်း ကိုယ်တိုင် လာရောက်ထုတ်ယူ၊ တင်သွင်းနိုင်မည်ဖြစ်သည်။ ကိုယ်စားလှယ်လောင်းများ အမည်စာရင်း တင်သွင်းရန် လျှောက်လွှာပုံစံများကို ဖေဖော်ဝါရီ ၂၉ ရက် မွန်းလွဲ(၃)နာရီ နောက်ဆုံးထား၍ ရွေးကောက်ပွဲ ကော်မရှင်ရုံးခန်းသို့ ကိုယ်တိုင်လာရောက် တင်သွင်းရမည် ဖြစ်သည်။

ကိုယ်စားလှယ်လောင်းများ အနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များကို အသေးစိတ် သိရှိလိုပါက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ရွေးကောက်ပွဲ ကော်မရှင် ဖုန်း- ၀၉၂၆၆၀၇၁၄၁၀ ၊ ၀၉၉၇၆၅၀၃၂၀၁ ၊ ၀၉၅၀၃၅၁၄၃ သို့ ဆက်သွယ်စုံစမ်းနိုင်မည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *