၃၀. ၁. ၂၀၂၄
Written by Thettant

မက်ဆီ၊ ဆွာရက်၊ ဘူးစ်ကတ်စ်၊ ဂျော်ဒီအယ်လ်ဘာတို့နဲ့ ပွဲထွက်ခဲ့ပေမဲ့လည်း မေဂျာလိဂ်ရဲ့ အညံ့ဆုံးအသင်းဟာ ဆော်ဒီလိဂ်ရဲ့ အကောင်းဆုံးအသင်းကို ၄ ဂိုး ၃ ဂိုးနဲ့ ရှုံးနိမ့်ပြီး ​ဆော်ဒီမြေ ခြေစမ်းပွဲရဲ့ အဖွင့်ကို အရှုံးနဲ့ပဲကြိုဆိုသွားခဲ့ပါတယ်။

Goat ကြီး မက်ဆီဦးဆောင်လာတဲ့ အင်တာမိုင်ယာမီဟာ ဒီနေ့ပွဲမှာ ၃ – ၅ – ၂ နဲ့ ပွဲထွက်ခဲ့ပြီး ကွင်းလယ်အားပြု အသာစီးယူဖို့ ကြိုးပမ်းခဲ့ပေမဲ့လည်း အယ်လ်ဟီလယ်ကို ဘယ်လိုမှမယှဥ်နိုင်ခဲ့ဘဲ ပွဲအစ ၁၀ မိနစ်မှာတင် မီထရိုဗစ်က မိုင်ယာမီနောက်ခံလူတွေကြားက ဖြတ်ဆွဲလာပြီး ဦးဆောင်ဂိုးကို လှလှပပသွင်းယူခဲ့သလို ပွဲချိန် ၁၃ မိနစ်မှာလည်း အယ်လ်ဟမ်ဒန်က ဒုတိယဦးဆောင်ဂိုးကို သွင်းယူခဲ့ပါတယ်။ ဦးဆောင်ဂိုးနှစ်ဂိုးကို အလွယ်တကူခွင့်ပြုပေးလိုက်ရတဲ့ မိုင်ယာမီဟာ တိုက်စစ်က အဆုံးသတ်နိုင်စွမ်းညံ့ဖျင်းနေပေမဲ့ ပထမပိုင်းမှာ မက်ဆီအပိုင်အခွင့်အရေးလွဲချော်တာ၊ ဆွာရက်စ်ညံ့ဖျင်းတာကြောင့် ရလာတဲ့ဂိုးသွင်းခွင့်တွေ ဖြုန်းတီးနေရသလိုဖြစ်ခဲ့ပေမဲ့ ပွဲချိန် ၃၄ မိနစ်မှာ ဆွာရက်စ်က ဦးဆောင်ဂိုးသွင်းနိုင်ခဲ့ပေမဲ့ ပျော်ရွှင်မှုက ကြာရှည်မခံဘဲ ပွဲချိန် ၄၄ မိနစ်မှာ မိုက်ကယ်က ခေါင်းတိုက်ဂိုးသွင်းယူခဲ့တာကြောင့် ပထမပိုင်းက ၃ ဂိုး ၁ ဂိုးနဲ့ ပွဲပြီးသွားခဲ့ပါတယ်။

Goat ကြီးရဲ့အသင်းကို ၂ ဂိုးပြတ်ဦးဆောင်ပြီး ၃ ဂိုး ၁ ဂိုးနဲ့အနိုင်ယူထားတာ အားနာပုံရတဲ့ အယ်လ်ဟီလယ်ဟာ ဒုတိယပိုင်းမှာတော့ ကစားအားချလိုက်တာကြောင့် ဒုတိယပိုင်းမှာ အခွင့်အရေးတွေရလာခဲ့ပြီး ပွဲချိန် ၅၄ မိနစ်မှာရလာတဲ့ ပင်နယ်လ်တီဂိုးကို မက်ဆီက ဂိုးသမားရဲ့ဘယ်ဘက်အပေါ်ထောင့်ဆီ တိတိကျကျကန်သွင်းပြီး ဒုတိယချေပဂိုးရယူပေးခဲ့သလို ပွဲချိန် ၅၅ မိနစ်မှာ ရုဇ်က ၁၈ ကိုက်စည်းထိပ်ကနေ တတိယချေပဂိုးရယူပေးသွားခဲ့ပါတယ်။ မက်ဆီရဲ့မိုင်ယာမီဟာ Goat တစ်ပါးဖြစ်တဲ့ ရော်နယ်လ်ဒိုရဲ့ အယ်လ်နက်ဆာနဲ့ ဖေဖော်ဝါရီ ၂ ရက်မှာ ကန်ရဦးမှာဖြစ်လို့ မက်ဆီကို လူစားလဲလိုက်ချိန် ပွဲချိန် ၈၈ မိနစ်မှာပဲ မယ်လ်ကွန်က အယ်လ်ဟီလယ်အတွက် ပွဲသိမ်းအနိုင်ဂိုးကို သွင်းယူသွားခဲ့ပါတယ်။

အင်တာမိုင်ယာမီဟာ ညံ့ဖျင်းတဲ့အသင်းဖြစ်ပေမဲ့ မက်​ဆီကတော့ Goat တစ်ပါးရဲ့ စွမ်းဆောင်ရည်ကို ပြနိုင်ခဲ့ပြီး ပင်နယ်လ်တီသွင်းဂိုးကို သွင်းယူခဲ့တဲ့အပြင် တတိယချေပဂိုးကိုလည်း ကွင်းလယ်စည်းနားကနေ လှလှပပဖန်တီးပေးခဲ့လို့ ကွင်းလုံးပြည့်လာအားပေးနေတဲ့ ဆော်ဒီပရိသတ်တွေဟာ တစ်ချိန်လုံးလိုလို မက်ဆီကို အော်ဟစ်အားပေးခဲ့တာလည်း တွေ့ရပါတယ်။

လာမဲ့ ဖေဖော်ဝါရီ ၂ ရက်မှာ မက်ဆီရဲ့ မိုင်ယာမီဟာ ရော်နယ်လ်ဒိုရဲ့ အယ်လ်နက်ဆာနဲ့ ယှဥ်ပြိုင်ရမှာဖြစ်ပေမဲ့ ကြွက်သားဒဏ်ရာရှိနေတဲ့ ရော်နယ်လ်ဒိုပါဝင်ဖို့မပါဝင်ဖို့က အခုအချိန်အထိ မသေချာသေးသလို တရုတ်မှာကန်မဲ့နှစ်ပွဲကို ဖျက်သိမ်းခဲ့ရတဲ့အခြေအနေမျိုး ထပ်ဖြစ်လာရင်တော့ မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ယှဥ်ပြိုင်မှုကို မြင်ချင်နေတဲ့ ကမ္ဘာတလွှားက ပရိသတ်တွေအတွက်တော့ ဆန္ဒမပြည့်ဖြစ်စေမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *