၂၈. ၁. ၂၀၂၄

Written by Tha Doe

ပထမအကြိမ် တွေ့ဆုံမှုမှာ သရေကျထားတဲ့ သွေးသစ်ဝင်းလှိုင်နဲ့ ကျော်စွာဝင်းတို့ရဲ့ ဒီနေ့ပွဲမှာလည်း ပထမအချီတင် သွေးသစ်ဝင်းလှိုင်ရဲ့တွဲလုံးတွေနဲ့ ကျော်စွာဝင်းအမှတ်စဥ်ရေခံရပေမဲ့ ငါးချီအပြီးမှာတော့ ပူးတွဲသရေနဲ့ ပြီးဆုံးသွားပါတယ်။

“TGL ရဲ့ ဘုရင်တစ်ယောက်ကို ပရိသတ်အကြိုက်တွေ့အောင် ထိုးပြနိုင်ခဲ့တဲ့အတွက် ကျေနပ်မိပါတယ်”လို့ ကျော်စွာဝင်းက ပြောပါတယ်။

ဒီနေ့ပွဲမှာ ကျော်စွာဝင်းက တက်လူပီပီ ငါးချီစလုံးတိုက်စစ်ဖွင့်သွားခဲ့ပြီး တက်လူတစ်ယောက်ရဲ့ မာဂုဏ်နဲ့ သက်လုံကိုပြနိုင်ခဲ့သလို သွေးသစ်ဝင်းလှိုင်ကို တတိယအချီမှာ နှာခေါင်းသွေးယိုနိုင်အောင် ထိုးနိုင်ခဲ့တာ တွေ့ခဲ့ရပါတယ်။

ဒါ့အပြင် ဒီနေ့ပွဲမှာ သွေးသစ်ဝင်းလှိုင်ကို ဒုတိယအကြိမ်သရေကျအောင်ထိုးနိုင်ခဲ့တဲ့ ကျော်စွာဝင်းက နိုင်ငံခြားသားဖိုက်တာတွေနဲ့ တွေ့ပေးဖို့ TGL ကို တောင်းဆိုခဲ့သလို သွေးသစ်ဝင်းလှိုင်ကလည်း ကျော်စွာဝင်းရဲ့ ကြိုးစားအားထုတ်မှုကို ချီးကျူးခဲ့ပေမဲ့ သူ့ကို “သူက ဘယ်သူ့မှ စိန်ခေါ်စရာမလိုတဲ့ နံပါတ် ၁” လို့ ထူးထူး​ခြားခြားဝံ့ကြွားသွားခဲ့တာ တွေ့ရပါတယ်။

သရေကျတဲ့ ပွဲအပြီးမှာတော့ သွေးသစ်ဝင်းလှိုင်ကလည်း နှာခေါင်းသွေးယိုနေခဲ့သလို ကျော်စွာဝင်းကလည်း မျက်လုံးတစ်ဖက်ပိတ်လုမတတ်ဖြစ်နေတာပါ။ ကျော်စွာဝင်းဟာ ပထမအချီတင် အမှတ်စဥ်ရေခံခဲ့ရသလို မကြာခဏလည်း ဖင်ထိုင်ကျပြီး သွေးသစ်ဝင်းလှိုင်ရဲ့ ထိုးချက်တွေ မိနေခဲ့ပေမဲ့လည်း တရစပ်တိုက်စစ်ဆင်ပြီး အရင်ပွဲတွေထက် မာဂုဏ်နဲ့သက်လုံပြနိုင်ခဲ့တာကြောင့် သူဟာ မြန်မာ့လက်ဝှေ့လောကရဲ့ အနာဂတ်ချန်ပီယံလောင်းလို့ ပြောနိုင်တဲ့အဆင့်ရောက်လာပြီလို အသေအချာအသိအမှတ်ပြု ပြောရတော့မှာဖြစ်သလို မကြာခင် ၃၀ ကျော်တော့မယ့် သွေးသစ်ကို ငယ်ဂုဏ်၊ သက်လုံ၊ နှစ်ကြိမ်ရင်ဆိုင်ထားတဲ့အတွေ့အကြုံ​နဲ့ အနိုင်ယူနိုင်တော့မယ့် အလားအလာမြင်ခဲ့ရတယ်ပဲ ​ပြောရမှာပါ။

သေချာတာတစ်ခုကတော့ ထွန်းထွန်းမင်းတောင် ကွဲပြဲသွေးထွက်အောင် မထိုးနိုင်ခဲ့တဲ့ သွေးသစ်ဝင်းလှိုင်ကို ဒီနေ့ပွဲမှာတော့ ကျော်စွာဝင်းက သွေးထွက်သံယိုထိုးပြီး အစီးသရေဖြစ်အောင် ယှဥ်ပြိုင်နိုင်ခဲ့သလို အမှတ်နဲ့သာဆို အနိုင်ရနိုင်တဲ့ထိုးသတ်မှုမြင်ခဲ့ရတာပါလို့ပဲ….။

Leave a Reply

Your email address will not be published. Required fields are marked *