၂၅. ၁. ၂၀၂၃
Written by Ye Kyaw

ရန်ကုန်-ပုဂံ-ရန်ကုန် တိုက်ရိုက် အမြန်ရထားခရီးစဉ် ပြေးဆွဲပေးနေသော်လည်း တစ်ပတ်လျှင် တစ်ကြိမ်သာ ပြေးဆွဲပေးနေခြင်းဖြစ်ပြီး ရုံးပိတ်ရက် စနေနှင့် တနင်္ဂနွေနေ့များတွင် ပုဂံသို့သွားရောက်လည်ပတ်နိုင်ရန် သောကြာနေ့ ညနေတွင် ပြေးဆွဲပေးနေခြင်းဖြစ်ကြောင်း ရန်ကုန်ဘူတာကြီးမှ သိရသည်။

“အဲဒီရထားက ကြာပြီ။ လကျော်နေပြီ။ လနဲ့ချီနေပြီ ပြေးဆွဲနေတာ။ ရန်ကုန်က သောကြာနေ့ ညနေ ၄ နာရီ ၁၅ မိနစ်၊ ပုဂံကနေပြီး နောက်တစ်ပတ် တနင်္လာနေ့ ညနေ ၄ နာရီ ၁၅ ပေါ့။ အဲဒီလိုလေး ပြေးဆွဲပေးနေပါတယ်” ဟု ရန်ကုန်ဘူတာကြီးမှ တာဝန်ရှိသူတစ်ဦးက MT News သို့ ပြောကြားသည်။

အဆိုပါ ရန်ကုန်-ပုဂံ-ရန်ကုန် တိုက်ရိုက်ရထားခရီးစဉ်သည် ခုတ်မောင်းချိန် ၁၉ နာရီ ၄၅ မိနစ် ကြာမြင့်မည်ဖြစ်ပြီး ရန်ကုန်မှ သောကြာနေ့ ညနေ ၄ နာရီ ၁၅ မိနစ်တွင် စတင်ထွက်ခွာ၍ ပုဂံသို့ စနေနေ့ နေ့လယ် ၁၂ နာရီတွင် ရောက်ရှိမည်ဖြစ်ပြီး ပုဂံမှ တနင်္လာနေ့ ညနေ ၄ နာရီ ၁၅ မိနစ်တွင် စတင်ထွက်ခွာပြီး ရန်ကုန်သို့ အင်္ဂါနေ့ နေ့လယ် ၁၂ နာရီတွင် ရောက်ရှိမည်ဖြစ်သည်။

ရန်ကုန်-ပုဂံ-ရန်ကုန် တိုက်ရိုက်ခရီးစဉ်အတွက် လက်မှတ်ခနှုန်းထားများမှာ ရိုးရိုးတန်း ၇,၂၀၀ ကျပ်၊ အထက် တန်း ၁၄,၄၀၀ ကျပ်၊ အိပ်စင် ၁၉,၈၀၀ ကျပ်ဖြစ်ကြောင်း သိရသည်။

လမ်းခရီးစဉ်အတွင်း သာယာဝတီ၊ လက်ပံတန်း၊ မင်းလှ၊ အုတ်ဖို၊ ကြို့ပင်ကောက်၊ ဇီးကုန်း၊ နတ္တလင်း၊ ပေါင်းတည်၊ ပုတီးကုန်းသဲကုန်း ၊ ဆင်မြီးဆွဲ၊ ပြည် ( ရွှေတံခါး) ၊ အောင်လံ၊ ဆတ်သွား ၊ တောင်းတွင်းကြီး ၊မြိုသစ် ၊ နတ်မောက် ၊ လေးအိမ်၊ သာမြား၊ ပင်းချောင်း၊ ကျောက်ပန်းတောင်း၊ ငါ့မင်းမေး ၊ စုတည် စသည့် ကြားဘူတာများတွင် ရပ်တန့်ပေးမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *