၂၀. ၁. ၂၀၂၄
Written by Ye Kyaw

ပြည်တွင်းခရီးသွားများအနေဖြင့် နွေရာသီကျောင်းပိတ်ရက်ဖြစ်သည့် လာမည့် ဖေ‌ဖော်ဝါရီလကုန်နှင့် မတ်လတို့တွင် ပုဂံခရီးစဉ်သွားရောက်လည်ပတ်ရန် ကြိုတင်ပြင်ဆင်မှုများပြားနေကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ သိရသည်။

“အခုနောက်ပိုင်းမှာ ပုဂံတို့ ဘာတို့ကို သွားတဲ့ခရီးစဉ်ပိုများလာတယ်။ လာမယ့် ဖေဖော်ဝါရီကုန်နဲ့ မတ်လမှာတော့ အချို့ရက်တွေဆို ပုဂံမှာ တော်တော်လေး Booking များလာတယ်လို့ သိရတယ်။ ကျောင်းပိတ်ရက်ဆိုတော့လေ။ ဖေဖော်ဝါရီနဲ့ မတ်လမှာ ပုဂံမှာ ခရီးသွား ပိုများလာဖို့ရှိတယ်” ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က MT News သို့ ပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နှစ်သစ်ကူးကာလ (New Year)တွင်လည်း ပုဂံခရီး၊ တောင်ကြီးနှင့် ကလော ခရီးစဉ်များကို သွားရောက်လည်ပတ်သူများပြားခဲ့ကြောင်းနှင့် ကမ်းခြေဒေသများဖြစ်သည့် ချောင်းသာ၊ ငွေဆောင် ခရီးစဉ်များသည် ပုံမှန်အတိုင်း သွားရောက်လည်ပတ်မှုရှိနေကြောင်း သိရသည်။

“ပြည်တွင်းက ပုဂံကိုသွားတဲ့ ခရီးစဉ်လေးတွေ ပြီးခဲ့တဲ့ New Year အချိန်မှာ တော်တော်များသွားတယ်။ တောင်ကြီးနဲ့ ကလောဘက်ကိုလည်း များတယ်။ ကမ်းခြေဒေသတွေကတော့ ပုံမှန်တိုင်းပဲ” ဟု ဦးနောင်းနောင်းဟန်က ပြောကြားသည်။

နှစ်သစ်ကူးသင်္ကြန်ရုံးပိတ်ရက် ရက်ရှည်ဖြစ်သည့် အတွက် ဥရောပခရီးစဉ်များနှင့် နှစ်နိုင်ငံ ပူးတွဲသွားရသည့် ခရီးစဉ်များကို သွားရောက်ရန် ပြည်တွင်းခရီးသွားများ ယခုကတည်းက ကြိုတင်စီစဉ်မှု များပြားနေပြီး ဗုဒ္ဓဂါယာခရီးစဉ်များအတွက်လည်း ယခုဇန်နဝါရီကုန်ပိုင်းနှင့် ဖေဖော်ဝါရီလများတွင် သွားရောက်ရန် စီစဉ်မှုများပြားနေကြောင်း သိရသည်။

Photo- A.M Star Travel & Tour

Leave a Reply

Your email address will not be published. Required fields are marked *