၁၆. ၁. ၂၀၂၄
Translated by Htwe Ko Tun

ထိုင်းနိုင်ငံစစ်ဘက်ရေးရာ သတင်းအရင်းအမြစ်တစ်ခုအရ ထိုင်းအစိုးရအနေနဲ့ မြန်မာနိုင်ငံက စစ်ဘေးဒုက္ခဒဏ်ခံနေရတဲ့ ပြည်သူတွေအတွက် လူသားချင်းစာနာမှုအကူအညီတွေ ကျယ်ပြန့်စွာပေးသွားဖို့စဉ်းစားလျက်ရှိပြီး မြန်မာခေါင်းဆောင်တွေနဲ့ လူမျိုးစုလက်နက်ကိုင်အုပ်စု ခေါင်းဆောင်တွေ ညှိနှိုင်းဆွေးနွေးမှုတွေကို အိမ်ရှင်အဖြစ်လက်ခံကျင်းပကာ မြန်မာနိုင်ငံရဲ့အကျပ်အတည်းအခြေအနေကို ဖြေရှင်းပေးသွားလိုတယ်လို့ စစ်ဘက်သတင်းအရင်းအမြစ်တစ်ခုကပြောခဲ့ကြောင်း Bangkok Post သတင်းစာက ဖော်ပြခဲ့ပါတယ်။

ထိုင်းနိုင်ငံဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်နဲ့ နိုင်ငံခြားရေးဝန်ကြီး ပန်ပရီး ဗာဟစ် နျူကာရာတို့နဲ့အတူ ထိုင်းစစ်တပ်ခေါင်းဆောင်တွေကလည်း အိမ်နီးချင်းမြန်မာနိုင်ငံမှာ လောလောဆယ်ဖြစ်ပွားနေတဲ့ အကျပ်အတည်းအခြေအနေကို ဆွေးနွေးခဲ့ကြပါတယ်။ ဒီအကျပ်အတည်းအခြေအနေ ရှည်ကြာလာတာနဲ့အမျှ ထိုင်းနိုင်ငံအပေါ် ဂယက်ရိုက်လာနိုင်မှုတွေကိုလည်း တိုင်ပင်ခဲ့ကြတယ်လို့ သတင်းအရင်းအမြစ်က ဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းဖြစ်တဲ့ ထိုင်းနိုင်ငံအနေနဲ့ ဝန်ကြီးချုပ် ဆရက်သာရဲ့ ဦးဆောင်မှုအောက်မှာ အရှေ့တောင်အာရှနိုင်ငံများအသင်းရဲ့ အများတူညီဆန္ဒငါးချက်အရ လူသားချင်း စာနာတဲ့အကူအညီတွေကို စစ်ဒဏ်ခံနေရတဲ့ မြန်မာပြည်သူတွေထံပေးပို့ရန်လို့လည်း သိရပါတယ်။

အာဆီယံအနေနဲ့ အများတူညီဆန္ဒငါးချက်ကို အရင်ထဲက အဆိုပြုခဲ့ပေမယ့် မြန်မာအစိုးရနဲ့ဆန့်ကျင်ဘက်လက်နက်ကိုင်အုပ်စုတွေအကြား တိုက်ခိုက်မှုတွေရပ်ဆိုင်းဖို့ အပြုသဘောင်ဆောင်တဲ့တုံ့ပြန်မှု တစ်စုံတစ်ရာမရှိခဲ့ကြဘူးလို့ ဆိုပါတယ်။ ထိုင်းအစိုးရအနေနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကတစ်ဆင့် မြန်မာနိုင်ငံက စစ်ဘေးဒဏ်ခံပြည်သူတွေကို ထောက်ပံ့ရေး ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ပြောခဲ့ပါတယ်။

ဒီဇင်ဘာလအတွင်းကလည်း နိုင်ငံခြားရေးဝန်ကြီး ပန်ပရီး ဗာဟစ် နျူကာရာက ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ဟာ မြန်မာဒုက္ခသည်တွေကိုထောက်ပံ့ဖို့ နှစ်နိုင်ငံနယ်စပ်တစ်လျှောက် စခန်းတစ်ခုတည်ဆောက်ဖို့ စဉ်းစားနေတယ်လို့လည်း ပြောခဲ့ပါတယ်။ ထိုစခန်းက သယ်ယူပို့ဆောင်ရေးနေရာတစ်ခုဖြစ်သလို မြန်မာနိုင်ငံအတွင်းက ဒုက္ခသည်တွေထံ အစားအစာနဲ့ဆေးဝါးတွေ ပို့ဆောင်ပေးမယ်လို့ သိရပါတယ်။

ဆီလ်ပါကွန်တက္ကသိုလ်က နိုင်ငံရေးသိပ္ပံကထိက အနက်ချိုင်းကလည်း ထိုင်းအစိုးရရဲ့လုပ်ရပ်ကိုကြိုဆိုခဲ့ပြီး ထိုင်းအစိုးရအနေနဲ့ ဒီကိစ္စကိုလျစ်လျူရှုထားခဲ့ရင် ‌မြန်မာပြည်သူတွေ သေကြေပျက်စီးတာကို ထိုင်ကြည့်နေရာရောက်မှာတင်မဟုတ်ဘဲ လူကုန်ကူးမှုတွေ တရားမဝင်ပြောင်းရွှေ့နေထိုင်မှုတွေနဲ့ ကိုဗစ်-၁၉ ပျံ့နှံ့လာတာမျိုးတွေပါဖြစ်လာနိုင်တယ်လို့ ပြောခဲ့ပါတယ်။

Ref – Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *

Related News