SAC ဥက္ကဋ္ဌ၏ ယမန်နေ့ခရီးစဥ်အတွင်း လှုဒါန်းမှုမြင်ကွင်းတစ်ခုအား တွေ့ရစဥ်

MT News

Written by Thettant

ပွင့်ဖြူမြို့နယ်တွင် စိုက်ပျိုးရေးသိပ္ပံရှိပြီးဖြစ်၍ စကုမြို့နယ်တွင် မွေး​မြူရေးသိပ္ပံ ဖွင့်လှစ်ပေးရန် ဆောင်ရွက်မည်ဖြစ်ကြောင်း နိုဝင်ဘာ ၂၇ ရက်တွင် SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က ပြောသည်။

SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ယနေ့တွင် မန်းရွှေစက်တော်ရာဘုရား၊ စကြာပန်းတောင်းစေတီတော်၊ ရှင်ပင်စက္ကိန်းတဲ စေတီတော်နှင့် မကွေးမြသလွန်စေတီတော်မြတ်ကြီးတို့သို့ သွားရောက်ဖူးမြော်ကြည်ညိုခဲ့သည်။ ထိုသို့ပူဇော်ရာ မင်းဘူးမြို့ရှိ ရှင်ပင်စက္ကိန်းတဲ စေတီတော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုပြီး ပန်းရေချမ်း ကပ်လှူပူဇော်ကာ စေတီတော်ကြီးအတွက် ဘက်စုံအလှူငွေများ ပေးအပ်လှူဒါန်းခဲ့သည်။ ထို့နောက် စေတီတော် ပုရိဝုဏ်အတွင်းရှိ ရတနာသုခဓမ္မာရုံအတွင်း၌ မင်းဘူးမြို့နှင့် စကုမြို့တို့မှ ရပ်မိရပ်ဖများအား တွေ့ဆုံခဲ့သည်ဟု သိရသည်။

မင်းဘူးနှင့် စကုမြို့မှ လုပ်ငန်းရှင်များနှင့် တွေ့ဆုံချိန် အဆိုပါဒေသခံလုပ်ငန်းရှင်များ ဆွေးနွေးတင်ပြမှုများနှင့် ပတ်သက်၍ SAC ဥက္ကဋ္ဌက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်ရန်၊ စိုက်ပျိုးမွေးမြူရေးအတွက် လိုအပ်သည့် ရေများ လုံလောက်စွာရရှိရေး နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်မြစ်ရေတင်လုပ်ငန်းများဖြင့် ဆောင်ရွက်ရန်၊ ပွင့်ဖြူတွင် စိုက်ပျိုးရေးသိပ္ပံ ရှိပြီးဖြစ်ပြီး စကု၌ မွေးမြူရေးသိပ္ပံတစ်ခု ဖွင့်လှစ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ထို့ပြင် ဝယ်လိုအားနှင့် ရောင်းလိုအား မမျှတမှု၊ ကုန်ထုတ်လုပ်မှုစရိတ်များ ကြီးမြင့်မှုတို့ကြောင့် ကုန်ဈေးနှုန်းကြီးမြင့်မှုကို ဖြစ်စေနိုင်ကြောင်း၊ ထို့ကြောင့် မိမိတို့ဒေသတွင်းမှ ထွက်ရှိသည့် ကုန်ကြမ်းများကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးအတွက် လိုအပ်သည့် သွင်းအားစုများကြောင့် ကုန်ဈေးနှုန်းကြီးမြင့်မှုများကို အတတ်နိုင်ဆုံး လျှော့ချနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဒေသတွင်း၌ ဆေးဝါးထုတ်ကုန်များ၊ အခြေခံလူသုံးကုန်ပစ္စည်းများ စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်မှုကို ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပြီး ပြည်ပသွင်းကုန်များ လျှော့ချနိုင်ရန် လိုအပ်ကြောင်း၊ စက်သုံးဆီများကိုလည်း ချွေတာသုံးစွဲခြင်းဖြင့် နိုင်ငံခြားငွေ သုံးစွဲမှုများကို လျှော့ချနိုင်မည်ဖြစ်ကာ ပြည်တွင်း၌ ငွေကြေးလည်ပတ်မှု အားကောင်းလာမည်ဖြစ်ကြောင်း၊ အလားတူ စားသုံးဆီများ သုံးစွဲရာတွင်လည်း ကျန်းမာရေးနှင့် ညီညွတ်သည့် စားသောက်မှုပုံစံဖြင့် စားသုံးရန်လိုကြောင်း၊ အစိုးရမှကျောင်းများ၊ ကောလိပ်များ၊ တက္ကသိုလ်များကို အဆင့်ဆင့် ဖွင့်လှစ်ပေးထားပြီးဖြစ်သဖြင့် ကျောင်းသား ကျောင်းသူများ ပညာရည်မြင့်မားရေးအတွက် အားလုံးက ဝိုင်းဝန်းအားပေး ဆောင်ရွက်ကြရန်လိုကြောင်း၊ ဒေသတွင်း သက်ဆိုင်ရာ ပညာရပ်များအလိုက် ပညာတတ်များ ပေါကြွယ်ဝမှသာလျင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ပိုမိုလျင်မြန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း​ ပြောကြားခဲ့သည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *