အဝေးထိန်းဗုံး ပေါက်ကွဲခဲ့သည့်နေရာအား တွေ့ရစဥ်

၂၈. ၁၁. ၂၀၂၂

Written by Min Mahar

ရေနံချောင်းမြို့တွင် SAC အဖွဲ့အား ဆန့်ကျင်သောစာသားများကို လုံခြုံရေးတပ်ဖွဲ့ဝင်များလိုက်ကောက်နေစဉ် အဝေးထိန်းဗုံး ၁ လုံးပေါက်ကွဲကာ လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦးဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ၂၇ ရက် နံနက် ၆ နာရီဝန်းကျင်က မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့၊ မြေနီခင်မြောက်ရပ်ကွက်ရှိ လျှပ်စစ်ဓါတ်အားခွဲရုံအနီး ရန်ကုန်-မန္တလေးသွား ကားလမ်းမအလယ်တွင် ကားတာယာကွင်း ၂ ကွင်းအားထပ်၍ မီးရှို့ကာပိတ်စအဖြူဖြင့် ဆန္ဒပြစာရွက်တစ်ရွက်၊ ဗလာစာရွက်ဖြင့် ရေးသားထားသော ဆန္ဒပြစာရွက်နှစ်ရွက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များလိုက်လံသိမ်းဆည်းနေစဉ်အတွင်း ၎င်းနေရာနှင့် ၅ ကိုက်အကွာခန့် ကားလမ်းမဘေးတွင် အသင့်ထောင်ထားသည့် အဝေးထိန်းဗုံး ၁ လုံးပေါက်ကွဲခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး ဝဲပေါင်ရင်းခဲစထိမှန် (မစိုးရိမ်ရ)ကာ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“ရန်ကုန်-မန္တလေးကားလမ်းမပေါ်မှာ မနက်အစောကြီး စစ်သားတွေနဲ့ရဲတွေက ဝါဒဖြန့်စာတွေလိုက်ကောက်နေတဲ့အချိန် အနားကမှာပဲ အဝေးထိန်းဗုံးတစ်လုံးပေါက်ကွဲသွားတယ်။ တစ်ယောက်တော့ ထိသွားတယ်ကြားတာပဲ” ဟု ဒေသခံတစ်ဦးက ဆိုသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မိုင်းထောင်ဖောက်ခွဲသူများအား လက်မှတ်ကုန်းနယ်မြေရဲစခန်းတွင် (ပ)၄၃/၂၀၂၂ ၂၀၁၄ ခုနှစ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)/၅၀(ဈ)၊ ၅၄ တို့ဖြင့် အမှုဖွင့်ထားပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *