၂၈.၁၁.၂၀၂၂

Written By A Thaung

ဧရာဝတီတိုင်း၊ ပုသိမ်စက်မှုမြို့တော်ဆိပ်ကမ်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် ဆန်တန်ချိန်တစ်သောင်းကျော် တိုက်ရိုက်တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ပုသိမ်စက်မှုမြို့တော်ဆိပ်ကမ်းမှ နိုဝင်ဘာ ၂ ရက်ကစပြီး ဘင်္ဂလားဒေ့ရှ်သို့ တိုက်ရိုက်ဆန်တင်ပို့ခြင်းဖြစ်ကာ ယနေ့အထိ ဆန်တန်ချိန် ၁၀၅၆၅ တန် တင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။

“ပထမတစ်ဖြတ်ကို တန်ချိန်နှစ်သောင်း၊ ဒုတိယတစ်ဖြတ်ကို တန်ချိန်လေးသောင်းနဲ့ စုစုပေါင်းတန်ချိန် ခြောက်သောင်းကျော်တင်ပို့ဖို့နဲ့ စဉ်ဆက်မပြတ်တင်ပို့နိုင်အောင် တက်ညီလက်ညီဆောင်ရွက်ကြဖို့ လမ်းညွှန်ထားတာရှိပါတယ်” ဟု စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်းက ပြောသည်။

ဧရာဝတီတိုင်းမှတစ်ဆင့် မြန်မြန်ဆန်ဆန်တင်ပို့နိုင်ရေးအတွက် ကြိတ်ခွဲပြီးဆန်အသင့်ရှိနေကြောင်းနှင့် လာမည့်လအတွင်း ထပ်မံတင်ပို့နိုင်ရန် ပြင်ဆင်ထားပြီးဖြစ်ကြောင်း သိရသည်။

မြန်မာမှ ဘင်္ဂလားဒေ့ရှ်သို့ ဆန်တင်ပို့ရောင်းချရာတွင် နှစ်နိုင်ငံအစိုးရကြား ဆန်ကုန်သွယ်မှုဆိုင်ရာ (G to G MOU) အစီအစဉ်ဖြင့် တင်ပို့ရောင်းချခြင်းဖြစ်ပြီး မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ကြီးကြပ်မှုဖြင့် ကုမ္ပဏီ ၄၈ ခုက တင်ပို့ရောင်းချနေခြင်းဖြစ်သည်။

အဆိုပါစာချုပ်အရ တင်ပို့ရောင်းချငွေပေးချေခြင်းအား တရုတ်ယွမ်ငွေဖြင့် ပေးချေခွင့်ပြုထားပြီး ဆန်တစ်တန်လျှင် ယွမ် ၃၀၀၀ နီးပါးဖြင့် ဈေးနှုန်းသတ်မှတ်ထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *