၂၈. ၁၁. ၂၀၂၂

Written by Nay Moe

PDF ခုနစ်ဖွဲ့ပေါင်းကာ SAC တပ်အား သွားရောက်တိုက်ခိုက်ချိန် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ဆုတ်ခွာခဲ့ရသော်လည်း လခရသုံးဦးကျသည်ဟု Ranger Kalay Defend Force အပါအဝင် ကလေးမြို့မှ PDF များက ထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ခိုက်မှုကို နိုဝင်ဘာ ၂၆ ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဖြစ်စဥ်မှာ ကလေးမြို့နယ်မြောက်ပိုင်း၊ ကလေး-တမူးလမ်းမကြီး၊ ရာဇဂြိုလ်လမ်းခွဲတွင် တပ်စွဲထားသော လုံခြုံရေးတပ်များအား RKDF၊ GRF၊ မြောက်ပိုင်း ပကဖ၊ CNDF၊  HNB၊ ကလေး UGF S2 နှင့် ဒေါင်းသွေးရာဇာ ပူးပေါင်းတပ်ဖွဲ့များက နေ့လည်မွန်းလွဲ၂ နာရီအချိန်ခန့်တွင် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

နိုဝင်ဘာ ၂၆ ရက် နေ့လည် ၂ နာရီမှ ၂ နာရီခွဲအချိန်အထိ နှစ်ဖက်ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့သော်လည်း လခရတပ်ဘက်မှ လက်နက်ကြီးပစ်ကူ အများအပြားဖြင့် အဆက်မပြတ်ပစ်ခတ်မှုများကြောင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ ပြန်လည်ဆုတ်ခွါခဲ့ရသည်။

အဆိုပါတိုက်ပွဲအတွင်း လခရ ၃ ဦးကျကာ အများအပြားဒဏ်ရာရရှိကြောင်း မြေပြင်သတင်းအရ သိရှိရကြောင်းနှင့် ယင်းနေ့တိုက်ပွဲတွင် RKDF မှ တပ်ဖွဲ့ဝင် ၂ ဦး လက်နက်ကြီးထိမှန်၍ မစိုးရိမ်ရဒဏ်ရာများ ရရှိခဲ့သည်။

ထို့ပြင် လက်ရှိကလေးမြို့နယ်အတွင်း စစ်ရေးတင်းမာမှု အခြေအနေများကြောင့် ကလေး-တမူးလမ်းမကြီးအား အများ ပြည်သူများအနေဖြင့် ဖြတ်သန်းသွားလာခြင်းမပြုလုပ်ကြရန် အသိပေးအပ်ပါသည်ဟုလည်း RKDF က သတိပေးထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *