MT News

Written by Tha Doe

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ကျင်းပသည့် MFF Futsal Championship 2022 ပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် VUC အသင်းနှင့် MIU အသင်း နိုဝင်ဘာ ၂၆ ရက်က ယှဥ်ပြိုင်ရာ ဗိုလ်လုပွဲရှုံးနိမ့်မှုကြောင့် ဒိုင်လူကြီးအား လိုက်လံထိုးကြိတ်ခြင်း၊ ဒိုင်လူကြီးအားဝင်ရောက်ကာကွယ်သူပရိတ်သတ်တစ်ဦးအား ဝိုင်းဝန်းထိုးကြိတ်ခြင်း၊ ကွင်းအတွင်း ပစ္စည်းများ ဖျက်ဆီးခြင်း စသည့် လုပ်ရပ်များကျုးလွန်ခဲ့သူ MIU ဖူဆယ်အသင်းမှကစားသမားများအား စာချုပ်ဖျက်သိမ်းကြောင်း MIU Futsal အသင်းက ယနေ့တွင် ကြေညာသည်။

နိုဝင်ဘာ ၂၆ ရက်က ရန်ကုန်မြို့ သုဝဏ္ဏကွင်းအတွင်းရှိ MFF Futsal Stadium ၌ ယှဉ်ပြိုင်ကစားခဲ့ကြသည့် ဗိုလ်လုပွဲစဉ်တွင် MIU FC အသင်းကအကြိမ်ကြိမ်ဦးဆောင်ဂိုးသွင်းနိုင်ခဲ့သော်လည်း VUC FC အသင်းက ချေပဂိုးများသွင်းယူနိုင်ခဲ့ကာ သာမာန်ပွဲကစားချိန်အတွင်း တစ်ဖက် ၄ ဂိုးစီဖြင့် သရေကျနေ၍ အချိန်ပိုဆက်လက်ကစားခဲ့ရာ VUC FC အသင်းက အနိုင်ဂိုးသွင်း ယူနိုင်ခဲ့ပြီး ၅-၄ ဂိုးရလဒ်ဖြင့် ချန်ပီယံဆုရရှိခဲ့ပြီးနောက်ပိုင်း MIU ကစားသမားများက ဒိုင်လူကြီးနှင့် ပရိသတ်အား ထိုးကြိတ်ရိုက်နှက်မှုများ ဖြစ်ပွားခဲ့သည်။

ဗိုလ်လုပွဲရှုံးနိမ့်သဖြင့် ကွင်းအတွင်းပစ္စည်းများ ဖျက်ဆီးခြင်း၊ ဒိုင်လူကြီးနှင့် ပရိသတ်တစ်ဦးကို ထိုးကြိတ်ခြင်းစသည့် အားကစားသမားကောင်းပီသမှုမရှိသည့် MIU ဖူဆယ်ကစားသမားများ၏ လုပ်ရပ်နှင့် ပတ်သက်၍ ဝေဖန်မှုများစွာမြင့်တက်ခဲ့သည်။ ထို့အတွက် MIU ဖူဆယ်အသင်းက အဆိုပါ ရိုက်နှက်ဖျက်ဆီးထိုးကြိတ်မှုများ ပြုလုပ်ခဲ့သည့် အဓိကပါဝင်ပတ်သက်ခဲ့သော ကစားသမားဟောင်း (၂) ဦးဖြစ်သူ ကိုမောင်မောင်ဇော် နှင့် ကိုအောင်သူတို့သည် အသင်း၏ဂုဏ်သိက္ခာကို ညှိုးနွမ်းစေသည့်အပြင် ၎င်းတို့၏လုပ်ရပ်များအား အသင်းမှ လုံးဝ(လုံးဝ) လက်မခံနိုင်စရာ ကိစ္စရပ်များဖြစ်သည့် အတွက် အသင်းနှင့်ထပ်မံပတ်သက်ခြင်းမပြုရန် ပြင်းထန်စွာ အသိပေးဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။

ထို့​ပြင် အဆိုပါဖြစ်စဉ်တွင် ပါဝင်ပတ်သက်ခဲ့သော MIU FC လက်ထောက်နည်းပြ ဥက္ကာကျော်၊ အသင်းကစားသမားများဖြစ်ကြသည့် ကျောနံပါတ် (၉) ခင်ဇော်လင်း၊ ကျောနံပါတ် (၁၀) ကျော်စိုးမိုး၊ ကျောနံပါတ် (၇) စိုင်းပြုံးအောင်၊ ကျောနံပါတ် (၁၁) နိုင်ရဲကျော်၊ ကျောနံပါတ် (၁၆) သီဟသူ၊ ကျောနံပါတ် (၃) ညီညီစံ နှင့် ကျောနံပါတ် (၁၂) ချမ်းသာတို့အားလည်း စာချုပ်ဖျက်သိမ်းပြီး အသင်းမှ ထုတ်ပယ်လိုက်သည်ဟု MIU FC က ကြေညာခဲ့သည်။

ထို့အပြင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်ကိစ္စရပ်များအတွက် ကြည့်ရှုသူပရိသတ်များတာဝန်ရှိသူများနှင့် စိတ်အနှောင့်အယှက်ဖြစ်ရသူများ အားလုံးကို MIU FC အသင်းအုပ်ချုပ်သူများအနေဖြင့် လေးစားစွာ အနူးအညွတ်တောင်းပန်အပ်ပါကြောင်းနှင့်နောက်နောင် ထိုသို့ ကိစ္စရပ်များ မဖြစ်အောင် အထူးသတိပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် လိုအပ်သော တာဝန်ယူမှုနှင့် လုပ်ဆောင်မှုများကို ဆက်လက် ပြုလုပ်သွားမည်ဖြစ်ကြောင်း လေးစားစွာအသိပေးအပ်ပါသည်ဟု MIU FC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *