သေနတ်သမားများပစ်ခတ်မှုကြောင့် ကျည်ထိမှန်သေဆုံးခဲ့သူနှင့် ကျည်အများအပြားထိမှန်ခဲ့သောယာဥ်အား တွေ့ရစဥ်

MT News

Written by Min Mahar

ပခုက္ကူမြို့နယ်တွင် အရပ်သားပြည်သူ ၂ ဦးစီးလာသောမော်တော်ကားအား သေနတ်သမားများက ပစ်ခတ်မှုကြောင့် ၁ ဦးသေဆုံးသွားပြီး ၁ ဦးဒဏ်ရာရရှိသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ အုန်းတောကျေးရွာ၊ ကွက်သစ်ကျေးရွာနှင့် ချောင်းဆုံကျေးရွာလမ်းခွဲကြားရှိ ကားလမ်းမပေါ်တွင် Nissan Advan အဖြူရောင်မော်တော်ယာဉ်တစ်စီးအား နိုဝင်ဘာလ ၂၅ ရက် နေ့လည် ၁ နာရီဝန်းကျင်တွင် အမည်မသိသေနတ်သမားများက ပစ်ခတ်ခဲ့ရာ ကားပေါ်တွင်ပါလာသည့် တူအရီးတော်စပ်သူ အသက် ၄၆ နှစ်အရွယ်အမျိုးသားတစ်ဦးနှင့် အသက် ၁၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ကို ထိမှန်ကာ ဦးလေးဖြစ်သူမှာ နေရာတွင်ပွဲချင်းပြီးသေဆုံးခဲ့ပြီး တူမဖြစ်သူမှာ ဒဏ်ရာရရှိကာ ပခုက္ကူပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူလျက်ရှိကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။

” ကွက်သစ်ကျေးရွာနဲ့ ချောင်းဆုံကျေးရွာလမ်းခွဲကြားမှာရှိတဲ့ ကားလမ်းပေါ်က မော်တော်ကားတစ်စီးပေါ်မှာ တူအရီးနှစ်ယောက်ကို သေနတ်သမားတွေက ရက်ရက်စက်စက်ပစ်ခတ်သွားကြတာ။ ကံကောင်းလို့ တူမဖြစ်သူက သေကံမရောက်သွားတာ။ ဘယ်သူတွေက ဘာကြောင့် ဘယ်လိုအငြိုးတွေနဲ့ပစ်သွားကြတာလည်းတော့မသိဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

သေဆုံးသွားသော ဦးလေးဖြစ်သူသည် ပခုက္ကူမြို့၊ မြစ်ခြေမြို့သစ်ရပ်ကွက်နေသူဖြစ်ပြီး ၎င်း၏တူမဖြစ်သူသည် ကမ္မမြို့နယ်၊ အုန်းတောကွက်သစ်ကျေးရွာနေသူတို့ ဖြစ်ကြောင်းသိရပြီး အဆိုပါ သေနတ်ဖြင့်ပစ်ခတ်သွားသော သေနတ်သမားများကို သက်ဆိုင်ရာအဖွဲ့အစည်းများက လိုက်လံစုံစမ်းစစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *