တပ်မတော်သားအယောင်ဆောင်ကာ ငွေတောင်းခံသူလေးဦးကို ဖမ်းမိထားမှုအား တွေ့ရစဥ်

MT News

Written by Naing Thuta

ကျောက်ပန်းတောင်းမြို့တွင် တပ်မတော်သားအယောင်ဆောင်၍ ပြည်သူများထံမှ ငွေကြေးတာင်းခံခဲ့သူ ၄ ဦးအား သက်ဆိုင်ရာအဖွဲ့များမှဖမ်းဆီးကာ နိုဝင်ဘာလ ၂၆ ရက်နေ့ ညပိုင်းကအမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

“ဖြစ်တာကတော့ မီးရထားသံလမ်းကုန်းကျော်တံတားနားမှာ လူလတ်ပိုင်းအရွယ်အမျိုးသား ၄ ဦးက အရပ်ဝတ်တွေနဲ့ သူတို့ကတပ်က စစ်သားတွေပါဆိုပြီး ဆိုင်ကယ်နှစ်ယောက်စီးတဲ့ ပြည်သူတွေဆီကနေပြီး ပိုက်ဆံတွေလိုက်တောင်းနေကြတာပါ”ဟု ငွေကြေးတောင်းခံရာအနီးတွင် နေထိုင်သူတစ်ဦးက ဆိုသည်။

ဖြစ်စဉ်မှာ ၎င်းတို့ ၄ ဦးသည် နိုဝင်ဘာ ၂၃ ရက် ညနေ ၆ နာရီခန့်က ကျောက်ပန်းတောင်းမြို့၊ ဘူတာရပ်ကွက်၊ မီးရထားသံလမ်း၊ ကုန်းကျော်တံတားအနီး တပ်မတော်သားအယောင်ဆောင်၍ ဆိုင်ကယ် ၂ ယောက်စီးလာသည့် ပြည်သူများထံမှ ငွေကြေးများတောင်းခံနေကြကြောင်း သိရသည်။

” အခုဆိုရင် မြို့ပေါ်ကော ရွာတွေမှာပါ လူတချို့က တပ်ကဆိုပြီး ပြောပြီးတောင်းနေကြသလို တချို့ကလည်း PDF ကပါဆိုပြီးပြောပြီး ပိုက်ဆံတွေတောင်းနေကြတော့ ပြည်သူတွေဒုက္ခ ရောက်ကြတာပေါ့။ ဒီလိုလူလိမ်တွေကြောင့် တပ်ကိုပိုအထင်မြင်သေးစေတယ်။ အဲဒါကြောင့် အဲ့လိုလူတွေကိုရအောင်ဖမ်းပြီး ထိရောက်စွာအရေးယူသင့်တယ်” ဟု မြို့ခံတစ်ဦးက MT News ကိုပြောသည်။

အဆိုပါတောင်းခံနေမှုကို သက်ဆိုင်ရာမှသိရှိသွားပြီး လိုက်လံစုံစမ်းကာ ညတွင်းချင်းဖမ်းဆီး၍စစ်ဆေးမေးမြန်းခဲ့ရာ တရားခံလေးဦးမှာ သေနတ်ကိုင်ဆောင်ပြီး အမှတ်(၆၀၈) ဒုံးတပ်မှ တပ်မတော်သားများပါဟုပြောဆိုကာ အယောင်ဆောင်၍ ဆိုင်ကယ် ၂ ယောက်စီးပြီးသွားသည့်အများပြည်သူများထံမှ ကျပ်ငွေ ၂၉၁၀၀၀ ကျပ်အား တောင်းခံခဲ့ကြောင်း စစ်ဆေးသိရှိရသဖြင့် ၎င်းတို့ ၄ ဦးအား သက်သေခံ ကော်သေနတ်နှင့် ငွေ ၂၆၀၀၀၀ ကျပ်တို့နှင့်အတူ ရာဇသတ်ကြီးဥပဒေပုဒ်မ-၁၄၀/၃၉၄ ဖြင့် ကျောက်ပန်းတောင်းမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *