၁၀.၁.၂၀၂၄
Written By Thandar

လင်္ကာဒီပ ဩခတ်စတြာက စီစဉ်ထုတ်လုပ်ပြီး Channel K မှာ ထုတ်လွှင့်မယ့် မြန်မာသံတေးစီးရီးရဲ့ ဖျော်ဖြေအနုပညာ စကားဝိုင်းရိုက်ကူးရေးကို ဒီနေ့ ဇန်နဝါရီ ၁၀ ရက် မနက်ပိုင်းက ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ် ၂၀ ရပ်ကွက်မှာရှိတဲ့ Linkadipa Art Group Studio မှာ ပြုလုပ်ပါတယ်။

“ကျွန်တော်တို့က လင်္ကာဒီပ ဩခတ်စတြာက တီးခတ်ပြီးတော့ လင်္ကာဒီပအနုသုခမပန်းခင်းကနေ ထုတ်လုပ်တဲ့ တေးစီးရီး ၃ ခုရှိပါတယ်။ ပထမတေးစီးရီးကတော့ မြင့်မြင့်ဇော်ရဲ့ ကမ္ဘာကုန်ကျယ်သ၍ဝယ်၊ ဒုတိယတေးစီးရီးကတော့ သမီးလေး ရွှေဖူးသွယ်ရဲ့ သဲကြီးမဲကြီးရိုက်ဖြစ်တယ်။ တတိယတေးစီးရီးက မေစိမ်းကားလို့ မောင်မမြင် သားလေးသမီးလေးတွေကို ရိုက်ဖြစ်ပါတယ်။ ဒီဘက်ခေတ်မှာ DVD စက်တွေနဲ့ မရှိတော့ဘူး။ အွန်လိုင်းခေတ်မှာ တစ်ပုဒ်စီတင်ရတာမို့ ခုက ရုပ်သံလိုင်းကတော့ အွန်လိုင်းရော တင်ဖို့လုပ်ဆောင်တာပါ။ ဒီသီချင်းတွေ ထုတ်လွှင့်ပြသမှုမစခင်မှာ သီချင်းတွေအကြောင်းကို စာရေးဆရာတွေ အနုပညာရှင်တွေက သီချင်းတွေကို နောင်လာနောက်သားတွေ ခံစားလို့ရအောင် ရှင်းပြတဲ့ စကား‌ဝိုင်း ရိုက်ကူးတာပါ”လို့ စီးရီးဒါရိုက်တာ အောင်ကျော်ထွန်းက MT News ကို ပြောပါတယ်။

အဆိုပါစကားဝိုင်းမှာ ဆရာ ချစ်ဦးညို၊ တေးသံရှင် မေရွက်ဝါ၊ သရုပ်ဆောင် အရိုင်း၊ စီးရီးဒါရိုက်တာ အောင်ကျော်ထွန်းတို့က မြန်မာ့တေးဂီတရဲ့ အနှစ်သာရအပေါ် စိတ်ဝင်စားသူများ၊ ဩခက်စတြာတေးဂီတကိုစိတ်ဝင်စားသူတွေအတွက် တေးရေးဆရာတို့ရဲ့ စာပေအတွေးအခေါ်တို့နဲ့ပတ်သက်တဲ့ စိတ်ဝင်စားစရာတွေ တေးသီချင်းတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးကြမှာပါတယ်။

ဒါ့အပြင် ဒီအစီအစဥ်မှာ တေးသံရှင် မင်းသော်ခ၊ နိုရာဗိုနဲ့ ဖြိုးသရဖီကျော်တို့ရဲ့ အောင်မင်္ဂလာ၊ ‌ပန်းဟေဝန်၊ ဂန္ဓမာတောင်၊ မေစိမ်းကားလို့ မောင်မမြင်၊ မာနရှင်၊ စဉ်းစားကာနေရဦးမယ်၊ အရမ်းကြွေ၊ ချစ်ခိုးမ၊ ကျွန်မမေတ္တာ အလျော်ပြန်ပေး တေး သီချင်းတွေ သီဆိုခဲ့ကြပါတယ်။

အဆိုပါ တေးစီးရီးထုတ်လွှင့်မှုကိုတော့ ဖေဖော်ဝါရီလအတွင်းမှာ Channel K ရုပ်သံလိုင်းက တစ်ပတ်ကို ၂ ရက် ထုတ်လွှင့်ပြသမယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *