၁၀.၁.၂၀၂၄
Translated by Htwe Ko Tun

တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့မှာ အတိုက်အခံခေါင်းဆောင် လီဂျေမြွန်ကို ဇန်နဝါရီ ၂ ရက်က လည်ပင်းကို ဓားနဲ့ထိုးပြီး လုပ်ကြံဖို့ကြိုးစားခဲ့တဲ့ တရားခံအမျိုးသားက သူ့အနေနဲ့ လီ ကို သမ္မတဖြစ်လာမှာစိုးရိမ်မိလို့ ဒီလိုလုပ်ကြံဖို့ ကြိုးစားခဲ့မိတယ်လို့ ဇန်နဝါရီ ၁၀ ရက်မှာ ရဲတပ်ဖွဲ့ကို ထွက်ဆိုချက်ပေးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောကြပါတယ်။

အတိုက်အခံခေါင်းဆောင် လီကို လုပ်ကြံဖို့ကြိုးစားခဲ့သူဟာ အသက် ၆၇ နှစ်ရှိပြီး မိသားစုအမည် ကင် လို့သိရသလို သူ့ကိုဆက်လက်စစ်ဆေးမှုတွေပြုလုပ်လျက်ရှိကာ လူသတ်ဖို့ကြိုးစားမှုနဲ့ တရားစွဲသွားမယ်လို့ ဘူဆန်မြို့ ရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။

ဘူဆန်ရဲတပ်ဖွဲ့အကြီးအကဲ ဝူချူလ်မွန်က “တရားခံက လာမယ့်ရွေးကောက်ပွဲမှာ အတိုက်အခံတွေက အမတ်နေရာအများစုရလာနိုင်တော့ လီကို နိုင်ငံရဲ့သမ္မတဖြစ်လာမှာစိုးလို့ သတ်ဖို့ကြိုးစားခဲ့တယ်လို့ဆိုပါတယ်” လို့ ပြောခဲ့ပါတယ်။

ဇန်နဝါရီ ၂ ရက်က အဓိကအတိုက်အခံပါတီဖြစ်တဲ့ ဒီမိုကရက်ပါတီခေါင်းဆောင် လီဂျေမြွန်ကို ကင်က လည်ပင်းကို ဓားနဲ့ထိုးကာ လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားပြီးတဲ့နောက် အဲဒီနေရာမှာပဲ ကင်ကို ဖမ်းမိခဲ့တာပါ။ လီကိုတော့ ဆိုးလ်‌မြို့ကို သွေးကြောပြန်လည်အစားထိုးခွဲစိတ်ကုသမှုပြုဖို့ လေကြောင်းကနေ ပို့ခဲ့တာပါ။ လီက ဇန်နဝါရီ ၁၀ ရက် နံနက်ပိုင်းမှာပဲ ဆေးရုံကပြန်ဆင်းသွားခဲ့ပြီလို့သိရပြီး အိမ်မှာပဲနေရင်း ဆေးကုသခံသွားမှာလို့ သိရပါတယ်။

ဇန်န‌ဝါရီ ၁၀ ရက်အစောပိုင်းမှာပဲ ရှေ့နေများရုံးကိုလွှဲပြောင်းပို့ဆောင်ပေးမယ့် ကင်ကို သတင်းထောက်တွေအရှေ့မှာ ပေါ်လာတာ တွေ့ကြရပါတယ်။ ကင်က ဒီအမှုမှာ ကြံရာပါမရှိဘဲ သူတစ်ဦးတည်းကျူးလွန်ခဲ့တာဖြစ်တယ်လို့ပြောခဲ့ပြီး သူ့အနေနဲ့ နိုင်ငံရေးသမားတွေအပေါ် မကျေမချမ်းဖြစ်မိတာတွေကို ရင်ဖွင့်ချင်တာနဲ့ နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေးအခြေအနေတွေနဲ့ပတ်သက်လို့ ကြေကွဲဝမ်းနည်းမိလို့ ခုလို ပြုမိခဲ့တာလို့ ပြောခဲ့ပါတယ်။

ရဲတပ်ဖွဲ့က ဒီအမှုမှာ တရားခံနဲ့ပတ်သက်လို့ မည်သူမည်ဝါဆိုတာဖွင့်ဟပြောဖို့ ဥပဒေကြောင်းအရ ခွင့်မပြုဘူးလို့ ဆိုခဲ့ပြီး ကင် ရဲ့မှတ်ပုံတင်၊ အမည်ရင်း၊ ဓာတ်ပုံစတာတွေကို အများသိအောင် ပြောကြားမှုမပြုခဲ့ပါဘူး။

Ref- YONHAP

Leave a Reply

Your email address will not be published. Required fields are marked *

Related News