၁၀. ၁. ၂၀၂၄
Written by Nay Moe

အုတ်ဖိုမြို့နယ် မြောင်ရွာအုပ်ချုပ်ရေးမှူးကို အုတ်ဖို PDF အဖွဲ့က လာရောက်သတ်ဖြတ်မှုမှာ အုပ်ချုပ်ရေးမှူးအပါအဝင် လူလေးဦးသေဆုံးတဲ့အပြင် အုပ်ချုပ်ရေးမှူးရဲ့ ယောက္ခမနဲ့သားငယ်ပါ အပြင်းအထန်ဒဏ်ရာရခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က အတည်ပြုထုတ်ပြန်ထားပါတယ်။

ဒီဖြစ်စဥ်က ဇန်နဝါရီ ၇ ရက် မွန်းလွဲ ၂ နာရီ ၂၀ မိနစ်အချိန်က ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ မြောင်ကျေးရွာမှာ သေနတ်နဲ့ ပစ်ခတ်ခံရလို့ အမျိုးသားသုံးဦးနဲ့ အမျိုးသမီးတစ်ဦးသေဆုံးပြီး အမျိုးသမီးတစ်ဦးနဲ့ ကလေးငယ်တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သွားရောက် စစ်ဆေးခဲ့ရာမှာ အဆိုပါကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ကိုကို (၄၁)နှစ်ဟာ ယောက္ခမဖြစ်သူ ဒေါ်စန်းစန်းအေး(၅၈)နှစ်၊ သားဖြစ်သူ မောင်မိုးသွင်ခ(၁၂)နှစ်၊ ခယ်မဖြစ်သူ မနီလာဝင်း(၃၈)နှစ်၊ တစ်ရွာတည်းနေ ကိုမင်းသူအောင်(၂၃)နှစ်၊ ကိုမင်းမင်း(၂၀)နှစ်တို့နဲ့အတူ နေအိမ်မှာ ရှိနေချိန် အုတ်ဖို PDF အဖွဲ့ဝင် ခုနစ်ဦးက ဆိုင်ကယ်သုံးစီးနဲ့ရောက်ရှိလာပြီး သေနတ်နဲ့ ပစ်ခတ်ထွက်ပြေးသွားခဲ့တာကြောင့် ဦးကျော်ကိုကို၊ မနီလာဝင်း၊ ကိုမင်းသူအောင်နဲ့ ကိုမင်းမင်းတို့ဟာ ကျည်ထိမှန်ဒဏ်ရာရရှိ သေဆုံးသွားခဲ့တာပါ။ ဒါ့အပြင် ဒေါ်စန်းစန်းအေးနဲ့ မောင်မိုးသွင်ခတို့မှာလည်း ကျည်ထိမှန်ဒဏ်ရာရရှိခဲ့လို့ ဆေးကုသနိုင်ဖို့ အုတ်ဖိုမြို့နယ်ပြည်သူ့ ဆေးရုံ ပို့ဆောင်ထားရှိတယ်လို့ သိရပါတယ်။

မြောင်ကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ ခယ်မအပါအဝင် လူ ၄ ဦးကို သတ်ဖြတ်ပြီး မြေးအဖွားနှစ်ဦးဒဏ်ရာရအောင် ပစ်ခတ်ခဲ့တာက သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက PDF တွေဖြစ်ပြီး ဦးကျော်ကိုကိုဟာ ပြည်သူ့စစ်ဖြစ်ပြီး လောင်းကစားဝိုင်းပြုလုပ်နေလို့ ဝင်သတ်ခဲ့တာလို့ အကြောင်းပြချက်ပေးခဲ့ပါတယ်။

ဒါပေမဲ့ အုပ်ချုပ်ရေးမှူးမိသားစုကို ပစ်ခတ်သတ်ဖြတ်ပြီးလို့ရှာဖွေချိန်မှာ လောင်းကစားနဲ့ဆက်စပ်တဲ့ပစ္စည်း တွေ့ရှိမှုမရှိဘဲ လက်လုပ်သေနတ်၂ လက်၊ လက်ပစ်ဗုံး၂ လုံး၊ လက်ကောက်နဲ့ဆွဲကြိုးထည့်ထားတဲ့ ကော်ဗူးတစ်ခု၊ မိုဘိုင်းဖုန်း ၃ လုံး၊ ငွေသား ၇၈၀၀၀ ကျပ်၊ စစ်ယူနီဖောင်း ၈ စုံ၊ မှတ်ပုံတင် ၁ ခုနဲ့ စာရွက်စာတန်းတချို့ သိမ်းဆည်းနိုင်ခဲ့တယ်လို့ပဲ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို PDF တွေရဲ့ လုယက်တိုက်ခိုက်သတ်ဖြတ်မှုဆိုင်ရာထုတ်ပြန်ချက်မှာ ဖော်ပြခဲ့သလို ကျည်ထိမှန်သေဆုံးတဲ့ ဦးကျော်ကိုကိုရဲ့ ခယ်မ၊ ဒဏ်ရာရတဲ့ယောက္ခမဒေါ်စန်းစန်းအေးနဲ့ သားငယ်ဖြစ်တဲ့ မောင်မိုးသွင်ခတို့ပုံတွေလည်း မဖော်ပြဘဲ သေဆုံးတဲ့အမျိုးသားသုံးဦးပုံကိုပဲ ထုတ်ပြန်ဖော်ပြခဲ့တာ တွေ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *