သတ်ဖြတ်ခံရသူများထံမှ လက်နက်သိမ်းယူလာသည့်အပြင် ရွှေ၊ ငွေနှင့် ဖုန်းများပါ PDF တို့ လုယက်သိမ်းဆည်း

၈. ၁. ၂၀၂၄
Written by Nay Moe

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ မြောင်ကျေးရွာတွင် PDF များက မြောင်ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် လူ ၅ ဦးကိုသတ်ပြီး လောင်းကစားဝိုင်းပြုလုပ်နေ၍ သတ်ဖြတ်ရသည်ဟု အကြောင်းပြချက်ပေးကာ သတ်ဖြတ်ခံရသူများထံမှ လက်နက်သိမ်းယူလာသည့်အပြင် ရွှေ၊ ငွေနှင့် ဖုန်းများပါ လုယက်သိမ်းဆည်းလာခဲ့သည်ဟု ယနေ့ထုတ်ပြန်သည်။

ဖြစ်စဥ်မှာ ဇန်နဝါရီ ၇ ရက်က မြောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ကိုကိုနေအိမ်သို့ ဇန်နဝါရီ ၇ ရက် မွန်းလွဲ ၂ နာရီတွင် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုမှ PDF များက ရှောင်တခင် စီးနင်းတိုက်ခိုက်ခဲ့သည်။

စီးနင်းတိုက်ခိုက်မှုအတွင်း ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ပြည်သူ့စစ်များက ခုခံ၍ ၁၀ မိနစ်ခန့် အပြန်အလှန်ပစ်ခတ်ကြသော်လည်း PDF များက အင်အားများပြားသဖြင့် မြောင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးကျော်ကိုကို၊ ပြည်သူ့စစ်အဖွဲ့ဝင် သုံးဦး၊ လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦး စုစုပေါင်း ၅ ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။

အဆိုပါဖြစ်စဥ်ကို PDF များက လောင်းကစားဝိုင်းပြုလုပ်သည်ဟု စွပ်စွဲခဲ့သော်လည်း အမှန်တကယ်ထုတ်ပြန်ရာတွင်မူ လောင်းကစားနှင့်ဆက်စပ်သော ပစ္စည်းများတွေ့ရှိမှုမရှိဘဲ လက်လုပ်သေနတ်၂ လက်၊ လက်ပစ်ဗုံး၂ လုံး၊ လက်ကောက်နှင့်ဆွဲကြိုးထည့်ထားသည့် ကော်ဗူးတစ်ခု၊ မိုဘိုင်းဖုန်း ၃ လုံး၊ ငွေသား ၇၈၀၀၀ ကျပ်၊ စစ်ယူနီဖောင်း ၈ စုံ၊ မှတ်ပုံတင် ၁ ခုနှင့် စာရွက်စာတန်းတချို့ သိမ်းဆည်းနိုင်ခဲ့သည်ဟုသာ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုမှ PDF များ၏ လုယက်တိုက်ခိုက်သတ်ဖြတ်မှုဆိုင်ရာထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့သော် မြေပြင်သတင်းများအရ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုမှ PDF များက ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊မြောင်ကျေးရွာ အုပ်ချုပ်ရေးမှူး၊ မိခင်၊ ညီဖြစ်သူနှင့် ခယ်မတို့ကို သတ်ဖြတ်သွားခဲ့ခြင်းဖြစ်ပြီး PDF များ၏ ထုတ်ပြန်ချက်တွင်လည်း အမျိုးသမီးနှစ်ဦး၏ ပုံကို ဖော်ပြခဲ့မှုမရှိဘဲ အမျိုးသားသုံးဦးကိုသာ ပြည်သူ့စစ်(ပျုစောထီးဟု မူရင်းတွင်ဖော်ပြ) များဆိုကာ စွပ်စွဲသတ်ဖြတ်မှုရုပ်ပုံအဖြစ် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထိုဖြစ်စဥ်ကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိသည်ဟုလည်း ယနေ့တွင် ဖြေကြားထားမှုအရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *