၈.၁.၂၀၂၄
Written by Hey Mar

အများပြည်သူသယ်ယူပို့ဆောင်ရေးယာဉ်လိုင်းတွေမှာ ကတ်စနစ်တွေနဲ့ ငွေပေးချေမှုစနစ်ကို စတင်အသုံးပြုပြီး နှစ်နှစ်ကျော်အကြာမှာ အဆိုပါကတ်စနစ်ကို ဝန်ဆောင်မှုပေးနေတဲ့ Asia Starmar ကုမ္ပဏီကနေပဲ တစ်ဆင့်မြင့်နည်းပညာဖြစ်တဲ့ နိုင်ငံတကာသုံး QR Code စနစ်နဲ့ ယာဉ်စီးခ ငွေပေးချေတဲ့ စနစ်ကို ထပ်မံမိတ်ဆက်လာပါတယ်။

အဆိုပါ မိတ်ဆက်ပွဲကို ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ရုံးချုပ်မှာ ဒီကနေ့ ဇန်နဝါရီ ၈ ရက်နေ့ မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပြီး အသစ်ထပ်မံမိတ်ဆက်တဲ့ QR စနစ်သုံး ငွေပေးချေမှုတွေ ရဲ့ အားနည်းချက် အားသာချက်တွေကို တက်ရောက်လာတဲ့ ယာဉ်လိုင်း ကုမ္ပဏီတွေ နဲ့ မီဒီယာတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေကရှင်းလင်း ပြောပြရာမှာ QR Code စနစ်နဲ့ ငွေပေးချေတဲ့ နည်းစနစ်ပိုင်းကို အသိပေးမိတ်ဆက်တဲ့ အတိုင်းအတာပဲ ရှိသေးကြောင်း၊ နည်းပညာအသစ်ကို အသုံးပြုရာမှာ မြန်မာနိုင်ငံအနေနဲ့ စိန်ခေါ်မှုအသစ်တစ်ခုကို စတင်ရသလိုမို့ ပြည်သူတွေဆီ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိဖို့တော့ အချိန်အတိုင်းအတာတစ်ခု ယူရဦးမှာ ဖြစ်ကြောင်း၊ တယ်လီဖုန်းတွေမှာ QR Code ထည့်ပြီး အသုံးပြုနိုင်သလို ကတ်စနစ် ငွေသားစနစ်တွေလည်း ဆက်လက်အသုံးပြုသွားလို့ ရမှာဖြစ်ပြီး တစ်ဆင့်မြင့်နည်းပညာကို အသုံးချခြင်းအားဖြင့် ငွေ အကြွေမှာကပ်ပါလာမယ့် ရောဂါပိုးတွေ၊ ငွေပိုပေး ပိုထည့်ရတဲ့ အ‌ခြေအနေတွေကို ပြည်သူက ရှောင်ရှားနိုင်မှာဖြစ်သ ယာဉ်လိုင်းကုမ္ပဏီတွေ အနေနဲ့လည်း လေလွင့်ဆုံးရှုံးမှုအနည်းဆုံးနဲ့ ခရီးသွားပြည်သူတွေကို ပိုမိုဝန်ဆောင်မှုပေးမှာ ဖြစ်ကြောင်း သိရပါတယ်။

YRTC မှ ကော်မတီဝင်(၁) ဦးခင်မောင်ထွေးက “ပြည်သူတွေရဲ့တယ်လီဖုန်းမှာ ဒီစနစ်လေးကို သုံးနိုင်အောင် Asia Starmar ကုမ္ပဏီဘက်ကရော YRTC ဘက်ကပါ ပူးပေါင်းဆောင်ရွက်ပေးသွားမှာပါ။ ခရီးသွားပြည်သူတွေအနေနဲ့က ကတ်စနစ်နဲ့ အသုံးပြုနေတာအလေ့အကျင့်ဖြစ်လာနေပြီး အင်တာနက်ကောင်းကောင်းရတဲ့ ဘယ်နေရာမှာမဆို QR Code စနစ်ကလည်း အသုံးချလို့ ရနိုင်ပါတယ်။ အသုံးပြုစဉ်မှာ အင်တာနက်ဖွင့်ပေးထားရမှာမို့ Offline ဖြစ်နေတဲ့ တချို့နေရာတွေမှာတော့ အခက်အခဲတချို့ ရှိနိုင်ပါတယ်။ ဒါကြောင့် လောလောဆယ် ရန်ကုန်စည်ပင်သာယာနယ်နမိတ်အတွင်းမှာ စမ်းသပ်အသုံးပြုသွားမှာဖြစ်ပြီး ဗန္စုလ သ‌ယ်ယူပို့ဆောင်ရေး ကုမ္ပဏီဘက်က ယာဉ်လိုင်း နှစ်လိုင်းနဲ့ စမ်းသပ်အသုံးပြုသွားမှာပါ “ လို့ ပြောပါတယ် ။

အဆိုပါ QR Code စနစ်နဲ့ ငွေပေးချေတဲ့ နည်းစနစ်ပိုင်းကို Android Version 6 လောက်ရှိတဲ့ တယ်လီဖုန်းတွေမှာ အနိမ့်ဆုံးအသုံးပြုနိုင်မှာလို့လည်း သိရပါတယ်။ ငွေပေးချေမှု ထည့်သွင်းအသုံးပြုမှုတွေအနေနဲ့ ဘဏ်တချို့နဲ့ ချိတ်ဆက်သွားဖို့ရှိပြီး ဌာနဆိုင်ရာတွေရဲ့ စည်းမျဉ်းစည်းကမ်း ဘောင်ထဲကနေပဲ လုပ်ဆောင်သွားမှာလို့ သိရပါတယ်။

Asia Starmar ကုမ္ပဏီမှ တာဝန်ရှိသူက “QR Code system application ကို Google play store ကနေ Download ရယူနိုင်ပြီး Application ကနေ ပေးမယ့် Message တွေကအများကြီးပါ။ ငွေထည့်သွင်းပေးချေတာတွေကို ပြုလုပ်ရာမှာလည်း ဗဟိုဘဏ်အနေနဲ့ သည်နှစ်ပိုင်းထဲမှာပဲ Digital payment system ကို အကောင်အထည်ဖော်နေပြီး ထွက်ရှိလာဖို့ရှိတာမို့ ဒါတွေဖြစ်လာရင်တော့ လွယ်ကူပါပြီ”လို့ ပြောပါတယ် ။

YRTC ကုမ္ပဏီလီမိတက်အနေနဲ့ နေ့စဉ် အများပြည်သူ ၁ ဒဿမ‌ ၆ သန်းကျော်ကို ယာဉ်လိုင်းပေါင်း ၄၂ လိုင်း ယာဉ်အစီးရေ ၃၆၀၀ ကျော်နဲ့ ဝန်ဆောင်မှုပေးနေပြီး အဲ့ဒီထဲကမှ YPS Payment System ကို အသုံးပြုနေတဲ့ လူဦးရေ ခြောက်သောင်းကျော်ရှိ နေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *