၈. ၁၂. ၂၀၂၃
Written by Ye Kyaw

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မုပွန်ရပ်ကွက်ရှိ မြေဧရိယာ ၄ ဒသမ ၆ ဧကအတွင်း အဆင့်မြင့်ငါးဈေး တည်ဆောက်ခြင်းစီမံကိန်း (ပထမပိုင်း)ကို ကိုယ်ပိုင်ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင် ရွက်ရန် စိတ်ပါဝင်စားသူ မြန်မာနိုင်ငံသားလုပ်ငန်းရှင် ကုမ္ပဏီများအနေဖြင့် အဆိုပြုတင်သွင်းနိုင်ကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

“အဆိုပါပြုလွှာ လာဝယ်ရင် နောက်ဆက်တွဲ ပုံတို့၊ ပုံကြမ်းတို့ ပေးလိုက်မယ်။ ဒီဘက်ကနေ ဆောက်ချင်တဲ့ ပုံကြမ်းပေါ့။ ဘယ်လို လိုချင်တယ်။ ဘယ်လိုအတိုင်းအတာ လိုချင်တယ်ဆိုတဲ့ဟာပေါ့။ ကိုယ့်ရင်းနှီးမြှုပ်နှံမှုနဲ့ ဈေးရုံတွေ ဆောက်ရမယ်။ ကွန်ကရစ်လမ်းတွေခင်းရမယ်။ ရေစီးရေလာ ကိစ္စတွေလုပ်ရမယ်။ ခြံစည်းရိုးပါမယ်။ အဆိုပြုလွှာကို မနက်ဖြန် စရောင်းမယ်” ဟု မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

အဆိုပါစီမံကိန်းအတွက် အဆိုပြုလွှာကို တစ်စောင်လျှင် ၅၀,၀၀၀ ကျပ်ဖြင့် ဇန်နဝါရီ ၉ ရက်မှ ၂၅ ရက်အထိ ရုံးချိန်အတွင်း မော်လမြိုင်မြို့ရှိ မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၌ ရောင်းချပေးသွားမည်ဖြစ်ပြီး ဇန်နဝါရီ ၃၀ ရက် ညနေ ၃ နာရီ နောက်ဆုံးထား၍ အဆိုပြုလွှာများကို တင်သွင်းရမည်ဖြစ်ကြောင်း ကြေညာထားသည်။

တင်ဒါခေါ်ယူမှုနှင့်စပ်လျဉ်း၍ ယှဉ်ပြိုင်သည့်ကုမ္ပဏီမှသာ သိစေအပ်သည့် အသေးစိတ် အချက်အလက်များကို အခြားလူပုဂ္ဂိုလ် (သို့မဟုတ်) အဖွဲ့အစည်းသို့ ထုတ်ဖော်ပြောဆိုခြင်း မပြုပါကြောင်း သဘောတူညီချက်တင်ပြမှုဖြင့် လျှောက်လွှာရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *