၅. ၁. ၂၀၂၄
Written by Pan Ei

ကမ္ဘာ့ထိပ်တန်း MMA အဖွဲ့အစည်းဖြစ်တဲ့ UFC မှာ ထိုးသတ်ခွင့်ရတဲ့ ပထမဆုံး မြန်မာပြည်ဖွားဖိုက်တာအဖြစ် သမိုင်းဝင်မှတ်တမ်းသစ်ကို ရေးထိုးခဲ့တဲ့ ဂျိုရှုအာဗန်ဟာ ပြီးခဲ့တဲ့ သူ့ရဲ့ UFC ပွဲစဉ် နှစ်ပွဲမှာ ရှုံးပွဲမရှိဆိုတဲ့ စံချိန်ကို ထိန်းထားနိုင်ခဲ့သလို အခုအခါမှာလည်း သူ့ရဲ့ UFC တတိယမြောက် စင်မြင့်က အခုလထဲမှာ ရောက်ရှိလာတော့မှာပါ။

ဂျိုရှုအာဗန်ရဲ့ စိတ်အားထက်သန်မှုတွေနဲ့အတူ UFC က စီစဉ်ပေးခဲ့တဲ့ တတိယမြောက် UFC စင်မြင့်မှာတော့ ဘရာဇီးနိုင်ငံက Felipe Bunes နဲ့ ထိုးသတ်ရမှာဖြစ်ပြီး အရင်က Felipe Bunes နဲ့ ယူကရိန်းဖိုက်တာ Denys Bondar တို့ ကစားဖို့ရှိခဲ့တာ ဖြစ်ပေမဲ့ Denys Bondar က နုတ်ထွက်သွားခဲ့လို့ ဂျိုရှုအာဗန်က အစားထိုးကစားသမားအဖြစ် ဝင်ကစားမှာဖြစ်ပါတယ်။

အသက်အားဖြင့် ၃၄ နှစ်ရှိပြီဖြစ်တဲ့ Felipe Bunes ဟာ ၂၂ နှစ်သား ဗန်ထက် အရပ် ၂ လက်မပိုရှည်ပြီး UFC မှာတော့ ဗန်နဲ့ ပွဲက ပွဲဦးထွက်ဖြစ်ကာ ပရော်ဖက်ရှင်နယ် ဖိုက်တာအဖြစ် ၁၉ ပွဲထိ ထိုးသတ်ထားပြီး ၁၃ ပွဲ အနိုင်ရရှိထားတဲ့ မခေတဲ့ ဖိုက်တာတစ်ယောက်ပါ။

ဗန်ရဲ့ UFC ပထမပွဲစဉ်ဖြစ်တဲ့ ကာဇက်စတန် နိုင်ငံသား Zhalgas Zhumagulov နဲ့ ပွဲဟာလည်း ကနဦးက Felipe Bunes နဲ့ Zhalgas Zhumagulov တို့ ယှဉ်ပြိုင်ဖို့ စီစဉ်ခဲ့ရာကနေ Felipe Bunes က ဆေးကျခဲ့တာကြောင့် ပွဲစဉ်က နုတ်ထွက်ခဲ့လို့ ဗန်က Felipe Bunes နေရာမှာ အစားထိုးကစားခဲ့ခြင်းဖြစ်ကာ အခုအခါမှာတော့ Felipe Bunes နဲ့ ဗန်တို့ ယှဉ်ပြိုင်ဖို့ ဖြစ်လာခဲ့တာပဲဖြစ်ပါတယ်။

ဂျိုရှုအာဗန်က ပြီးခဲ့တဲ့ UFC ၂ ပွဲစလုံးမှာ ဒိုင်အဆုံးအဖြတ်အမှတ်နဲ့ အနိုင်ပွဲတွေကို ရယူထားနိုင်ခဲ့ပြီး ၉ ပွဲနိုင် ၁ ရှုံးရလဒ်နဲ့အတူ ကောင်းမွန်တဲ့ ထိုးကွက်၊ ချုပ်ကွက်တွေနဲ့ ရလဒ်ကောင်းတွေပိုင်ဆိုင်ထားတဲ့ ကစားသမားဖြစ်တာကြောင့် Felipe Bunes နဲ့ ဗန်တို့ဟာ ပြိုင်ဘက်ကောင်းတွေဖြစ်နေကြမှာ အသေအချာပါပဲ။

အမေရိကန်နိုင်ငံသား ချင်းဖိုက်တာ ဗန်ဟာ ပြီးခဲ့တဲ့နှစ် ၁၁ လပိုင်းက ပီရူးဖိုက်တာ ကီဗင်ဘိုးဟို့စ်ကို အနိုင်ထိုးသတ်နိုင်ခဲ့တဲ့ပွဲကြောင့် သူဟာ မြန်မာပရိသတ်တွေရဲ့ အာရုံစိုက်၊ အားပေးမှုတွေကို များစွာရရှိခဲ့တဲ့အပြင် မြန်မာ့ဂုဏ်ဆောင် နာမည်ကြီး ဖိုက်တာ အောင်လအန်ဆန်းရဲ့ အားပေးမှုကိုလည်း ရရှိခဲ့ပါတယ်။

အလားအလာမြင့်တဲ့ မြန်မာပြည်ဖွား ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်ရဲ့ လာမယ့် ဇန်နဝါရီလ ၁၃ ရက်မှာ ထိုးသတ်တော့မယ့် ပွဲမှာလည်း အနိုင်ပွဲကို ရယူနိုင်ဖို့ မျှော်လင့်ရင်း ဗန်အနေနဲ့ UFC ၃ ပွဲဆက် အနိုင်ဆိုတဲ့ ရလဒ်ကို ရရှိသွားမလားဆိုတာကိုတော့ စောင့်ကြည့်ကြရဦးမှာပါ။

Ref; asianmma

Leave a Reply

Your email address will not be published. Required fields are marked *