MT News

၃၀. ၁၂. ၂၀၂၃

၂၀၂၄ သို့ ကူးပြောင်းမည့် နှစ်သစ်ကူးညတွင် ပြည်သူ့ရင်ပြင်၌ ရန်ကုန်တိုင်းအစိုးရက 2024 Yangon New Year Countdown ပွဲတော်ကို ပြုလုပ်မည်ဖြစ်၍ ညမထွက်ရအမိန့်ကို အဆိုပါညအတွက် တစ်ညတာ ဖျက်သိမ်းသည်ဟု ကြေညာသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်နေရာတွင် နိုင်ငံတကာနှစ်သစ်ကူးပွဲတော် (Countdown )ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ရန် စီစဉ်ထားရှိပြီး နှစ်သစ်ကူးပွဲတော် ကျင်းပမည့် ဒီဇင်ဘာ ၃၁ ရက်ညတွင် မီးရှူးမီးပန်းများ ပစ်ဖောက်ခြင်းနှင့် နိုင်ငံကျော်အနုပညာရှင်များ၏ ဖျော်ဖြေရေးများ၊ စတိတ်ရှိုးပွဲများ၊ DJ များ၊ စတုဒိသာများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်သဖြင့် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အရ ထုတ်ပြန်ခဲ့သည့် ညမထွက်ရအမိန့်အား ဒီဇင်ဘာ ၃၁ ရက် ည ၁ နာရီ အချိန်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက် နံနက် ၃ နာရီ အချိန်အထိ ခေတ္တပယ်ဖျက်ခွင့်ပြုကြောင်းနှင့် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး အသိပေး အကြောင်းကြားကြောင်း ဖော်ပြထားသည်။

အစိုးရအစီအစဥ်ဖြင့် နှစ်သစ်ကူးညတွင် ပြုလုပ်မည့် Countdown Party ကို ရန်ကုန်တိုင်းဒေသကြီးတွင် ယခုနှစ်အကူးအတွက် ပြုလုပ်ခဲ့စဥ်က ပြည်သူများစွာဖြင့် စည်ကားသိုက်မြိုက်ခဲ့သလို ယခုနှစ်တွင်လည်း စည်ကားသိုက်မြိုက်စွာပြုလုပ်သွားမည့်အပြင် ပွဲတော်လာပြည်သူများ သွားလာရေးအဆင်ပြေရန် မော်တော်ယာဥ်များလည်း စီစဥ်ပေးထားသည်ဟု သိရသည်။

ပုံစာ။ ၂၀၂၃ နှစ်သစ်ကူးညက မြင်ကွင်း (Photo – Tha Doe)

Leave a Reply

Your email address will not be published. Required fields are marked *