၃၀. ၁၂. ၂၀၂၃

Written by Nay Aung

တရုတ်အစိုးရအနေဖြင့် မြန်မာနိုင်ငံမြောက်ပိုင်းတွင်ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများကို အနီးကပ်စောင့်ကြည့်နေကြောင်း၊ လက်နက်ကိုင်ပဋိပက္ခများကြောင့် တရုတ်နိုင်ငံသားများထိခိုက်ပျက်စီးရခြင်းကို ပြစ်တင်ရှုတ်ချကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်းက ဒီဇင်ဘာ ၂၉ ရက်တွင် ပြုလုပ်ခဲ့သော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ထုတ်ဖော်ပြောဆိုလိုက်သည်။

အဆိုပါသတင်းစာရှင်းလင်းပွဲအတွင်း Dragon TV သတင်းဌာနက လောက်ကိုင်မြို့ Dong Chen အရပ်ဒေသရှိ Crown Hotel ရှေ့တွင် ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး တရုတ်နိုင်ငံသားများအပါအဝင် အခြားသူများ ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်ဟု ကြားသိရကြောင်း၊ မြန်မာအစိုးရကလည်း တရုတ်နိုင်ငံသားများကို လောက်ကိုင်မြို့အတွင်းမှထွက်ခွာရန် တိုက်တွန်းခဲ့သလို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကလည်း တရုတ်နိုင်ငံသားများကို လောက်ကိုင်မြို့အတွင်းမှထွက်ခွာရန်အကြံပေးခဲ့ကြောင်း၊ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မှတ်ချက်ပြုပြောစေလိုကြောင်း မေးမြန်းခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ထိုမေးမြန်းမှုကို မော်နင်းက ” လက်နက်ကိုင်ပဋိပက္ခတွေကြောင့် တရုတ်နိုင်ငံသားများ ထိခိုက်ပျက်စီးရတာတွေကို အပြင်းအထန်ကန့်ကွက်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာအဖွဲ့စည်းတွေဆီကိုလည်း ကန့်ကွက်သွားမယ်။ မြန်မာနိုင်ငံမြောက်ပိုင်းမှာဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေမှာပါဝင်နေတဲ့အဖွဲ့အစည်းတွေကို တိုက်ပွဲတွေချက်ချင်းရပ်တန့်ဖို့ ထပ်မံတိုက်တွန်းပါတယ်။ ဒါ့အပြင် မြောက်ပိုင်းပဋိပက္ခတွေမှာပါဝင်နေတဲ့ အဖွဲ့အစည်းတွေအနေနဲ့လည်း မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံသားတွေနဲ့ တရုတ်နိုင်ငံ စီမံကိန်းတွေ ဘေးကင်းလုံခြုံအောင် လိုအပ်တဲ့အစီအမံတွေ လုပ်ဆောင်စေလိုတယ်။ တရုတ်နိုင်ငံသားတွေရဲ့အသက်အိုးအိမ်စည်းစိမ် ဘေးကင်းရေးကိုအန္တရာယ်ဖြစ်စေမယ့် အဖြစ်အပျက်တွေ ရှောင်ရှားစေလိုတယ်”ဟုပြောသည်။

TNLA၊ AA နှင့် MNDAA တို့သည် အောက်တိုဘာ ၂၇ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တပ်မတော်စခန်းများကို စတင်တိုက်ခိုက်ခဲ့ပြီးနောက် တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ပြီး တရုတ်အစိုးရက ကြားဝင်စေ့စပ်ခဲ့သော်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။ တရုတ်အစိုးရအနေဖြင့် ပြည်ပနိုင်ငံများရှိ တရုတ်နိုင်ငံသားများ၏ အကျိုးစီးပွား၊ တရားဝင်အခွင့်ရေးနှင့်ရှင်သန်နေထိုင်ခွင့်များကို ကာကွယ်ပေးရန်တာဝန်ရှိနေကြောင်း၊တရုတ်အစိုးရသည် တရုတ်နိုင်ငံသားများ၏ အသက်အိုးအိမ်စည်းစိမ်ကို အခြားအရာများထက် ပိုမိုဦးစားပေးဆောင်ရွက်မည်ဖြစ်ကြောင်း မော်နင်းက ထပ်မံပြောဆိုခဲ့သည်။

Ref, MFA China

Leave a Reply

Your email address will not be published. Required fields are marked *

Related News