၃၀. ၁၂. ၂၀၂၃

Written by Naing Thuta

အသက် ၅၀ ကျော်အမျိုးသားတစ်ဦး ကားမောင်းနေစဥ်အတွင်း ရုတ်တရက်လေဖြတ်၍ လမ်းဘေးပလက်ဖောင်းကို ဝင်တိုက်မိကာ သေဆုံးသွားမှု မန္တလေးတွင် ယနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်းပရဟိတအဖွဲ့များထံမှ သိရသည်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ဟေမာဇလရပ်ကွက်၊ လမ်း ၈၀ နှင့်၂၉ လမ်းထောင့်၊ မောင်ကိန်းရွှေဆိုင်ရှေ့တွင် ယနေ့(ဒီဇင်ဘာ ၃၀ ရက်)မနက် ၈ နာရီခန့်က လမ်း ၈၀ အတိုင်း တောင်မှ မြောက်သို့မောင်းနှင်လာသော အသက် ၅၃ နှစ်အရွယ်အမျိုးသားကြီးတစ်ဦးသည် Hyundai ယာဉ်အမျိုးအစားမော်တော်ယာဉ်ကို တစ်ဦးတည်းမောင်းနေစဉ် ရုတ်တရက်လေဖြတ်သွားသောကြောင့် လမ်းထောင့်ရှိ မောင်ကိန်းရွှေဆိုင်ရှေ့ ပလက်ဖောင်းကို ဝင်တိုက်မိပြီး ရပ်တန့်သွားခဲ့သည့်အတွက် အနီးဝန်းကျင်မှ မြို့နေပြည်သူများက သက်ဆိုင်ရာကို အကြောင်းကြားပေးခဲ့ကြောင်း သိရသည်။

ထိုဖြစ်စဉ်ကြောင့် လူထိခိုက်မှု တစ်စုံတစ်ရာမရှိသော်လည်း ယာဉ်မောင်းဖြစ်သူမှာ လေဖြတ်ရောဂါခံစားနေရ၍ ဒေသခံလူမှုကူညီရေးအဖွဲ့မှ လူနာတင်ယာဥ်ဖြင့် မန္တလေးအထွေထွေကုရောဂါဆေးရုံကြီးသို့ပို့ဆောင်စဉ် ဆေးရုံအရောက်တွင် သေဆုံးသွားကြောင်း ကူညီဆောင်ရွက်ပေးရာတွင်ပါဝင်ခဲ့သည့် ပရဟိတသမားများထံမှ သိရသည်။

အဆိုပါလမ်း ၈၀ နှင့်၂၉ လမ်းထောင့်အနီးမှာပင် ယမန်နေ့ (ဒီဇင်ဘာ ၂၉ ရက်)ကလည်း ဒုရဲအုပ်အမျိုးသမီးတစ်ဦးသေနတ်ဖြင့် ပစ်ခံရပြီး လည်ပင်းကျည်ဖောက်ဝင်သွားသည့် ဒဏ်ရာနှင့် ဦခေါင်းရှပ်ထိဒဏ်ရာတို့ဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့သည့်ဖြစ်စဥ်တစ်ခု ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *