◾ အွန်လိုင်းလိမ်လည်မှုနှင့် ပတ်သက်သည့် တရုတ်နိုင်ငံသားများကိုမူ အခကြေးငွေယူ၍ ၎င်းတို့နယ်မြေအတွင်း ဖုံးကွယ်ပေးထားဟုပါ ပြော

၃၀. ၁၂. ၂၀၂၃

Written by Nyein Kyaw

လောက်ကိုင်နယ်မြေအတွင်း MNDAA က လူနေအဆောက်အအုံများကို စစ်ရေးအရ အသုံးပြုနေသည့်အပြင် တရုတ်လူမျိုးများကို လူသားတံတိုင်းအဖြစ်ပါ အသုံးပြုနေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC)၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့တွင် ပြောကြားသည်။

“အားလုံးလည်း သိမြင်တဲ့အတိုင်း လောက်ကိုင်မြို့တွင်းထဲမှာဆိုရင် MNDAA ဟာ အရပ်ဝတ်တွေနဲ့ ဝင်ရောက်နေရာယူတာတွေ လူနေအဆောက်အအုံတွေကို စစ်ရေးအရအသုံးပြုပြီး လူနေအဆောက်အအုံတွေကနေ တပ်စခန်းတွေကို နှောင့်ယှက်ပစ်ခတ်တာတွေကို နေ့စဉ်ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ ကျွန်တော်တို့အနေနဲ့ မိမိရဲ့တပ်တွေဟာ တပ်စခန်းတွေမှာပဲရှိပါတယ်။ မြို့တွင်းမှာတော့ MNDAA တချို့ ယူနီ ဖောင်းနဲ့ ဖြစ်တယ်။ တချို့အရပ်ဝတ်နဲ့ နေထိုင်ပြီးတော့ တရုတ်နိုင်ငံသားအချို့ကို လူသားတံတိုင်းသဖွယ် အသုံး ပြုနေတာ ဖြစ်ပါတယ်။ ဒါတွေကို ကျွန်တော်တို့နှစ်နိုင်ငံလုံးက ဂရုတစိုက်စောင့်ကြည့်၊ တန်ပြန်၊ ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

လောက်ကိုင်မြို့တွင်း တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည့်အတွက်ကြောင့် တရုတ်လူမျိုးများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံအစိုးရအနေဖြင့် ဘေးကင်းရာသို့ အမြန်ဆုံးထွက်ခွာကြရန် သက်ဆိုင်ရာများကို သတင်းပေးပို့ထားသည့်အပြင် ကြော်ငြာစာများ၊ လက်ကမ်းစာစောင်များအပြင် အသံချဲ့စက်များနှင့်ပါ လိုက်လံအသိပေး နှိုးဆော်မှုများကို နေ့စဉ်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

TNLA နှင့် MNDAA အဖွဲ့များသည် ၎င်းတို့လွှမ်းမိုးထားသည့် နယ်မြေများအတွင်း၌ အသက် ၁၅ နှစ်အထက်ကျော်သည့် အမျိုးသား၊ အမျိုးသမီးပါမကျန် စစ်သားစုဆောင်းနေခြင်းကြောင်း သတင်းများ ရရှိထားကြောင်း၊ အွန်လိုင်းလိမ်လည်မှု၌ ပတ်သက်နေသည့် တရုတ်နိုင်ငံသားများကို အခကြေးငွေယူကာ ၎င်းတို့၏ EAO နယ်မြေများအတွင်း ရှောင်ပြေးနိုင်အောင် ဖုံးကွယ်ပေးထားမှုများလည်းရှိကြောင်း သိရသည်။

“အွန်လိုင်းလိမ်လည်မှုမှာ ပတ်သတ်တဲ့ တရုတ်နိုင်ငံသားအချို့ကို သူတို့ရဲ့ EAO နယ်မြေထဲကို အခကြေးငွေယူပြီး ထွက်ပြေးတိမ်းရှောင်ဖုံးကွယ်ထားတဲ့ သတင်းတွေလည်း ရရှိပါတယ်။ ကျွန်တော်တို့လည်း သက်ဆိုင်ရာတွေကို သတင်းပေးပို့ပြီးဖြစ်ပါတယ်။ ဒီအွန်လိုင်းလိမ်လည်မှုကိစ္စဟာ ကျွန်တော်တို့ သိမြင်ထားတာထက်၊ ထင်မြင်ထားတာထက် အများကြီး ရှုပ်ထွေးတဲ့ နက်နဲတဲ့ကိစ္စဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

မြန်မာနိုင်ငံမြောက်ပိုင်းတွင် လက်နက်ကိုင်တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခြင်းကြောင့် လုံခြုံရေးအန္တရာယ်စိုးရိမ်ရသည့်အတွက် တရုတ်နှင့် မြန်မာနယ်စပ်ဒေသတစ်လျှောက်တွင် နေထိုင်နေသည့် တရုတ်နိုင်ငံသားများကို ဘေးလွတ်ရာ အမြန်ဆုံးရွှေ့ပြောင်းရန် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးကလည်း တိုက်တွန်းတောင်းဆိုထားမှုများရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *