၁. ၁. ၂၀၂၄
Written by Nay Moe

နှစ်သစ်ကူးညဖြစ်သော ဇန်နဝါရီ ၁ ရက် နံနက်အစောပိုင်းက လားရှိုးနှင့် နမ္မတူဆက်သွယ်ထားသည့် အီနိုင်းချောင်းတံတားကို မိုင်းခွဲဖျက်ဆီးလိုက်သဖြင့် ပြည်သူများ သွားလာရေး အခက်ကြုံနေရပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“မနက် ၃ နာရီခွဲလောက်က ချိုးချသွားတာ။ လုံးဝသွားလာလို့မရအောင်ကို အလယ်ကနေ ထက်ပိုင်းကျိုးကြသွားတာ။ စစ်ရေးအရဆိုပြီး တံတားအချိုးခံလိုက်ရတော့ ပြည်သူတွေပဲ သွားရေးလာရေး ဒုက္ခရောက်တာပေါ့။ ပိုဆိုးတာက စစ်ဖြစ်နေလို့ စားသောက်ကုန်တွေစျေးတက်တာနဲ့ ပြတ်လပ်တာဖြစ်နေချိန်မှာ အခုလိုချိုးချသွားတော့ ပိုဆိုးတာပေါ့” ဟု ဒေသခံတစ်ဦးက MT News သို့ပြောသည်။

PDF များ၏ နွေဦးတော်လှန်ရေးကာလအတွင်း တပ်၏ ထိုးစစ်ဆင်ခြင်းကို တားမြစ်ရန် တံတားအစင်းများစွာ မိုင်းခွဲဖျက်ဆီးခဲ့သလို MNDAA ၊ TNLA နှင့် AA တို့၏ ၁၀၂၇ စစ်ဆင်ရေးအတွင်း ကွန်လုံနှင့် ဟိုပန်အကြား နမ့်တိန်ချောင်းတံတား၊ လားရှိုးနှင့် သိန္နီအကြား သိန္နီတံတား၊ သီပေါနှင့် ကျောက်မဲအကြား ကျင်သီတံတား၊ သီပေါနှင့် နမ္မတူအကြား မိုးတေတံတားများ မိုင်းခွဲဖျက်ဆီးခံခဲ့ရပြီး ကွမ်းလုံတံတားလည်း Drop ဗုံး ထိမှန် ပျက်စီးခဲ့ကာ ယခုမူ လားရှိုး-နမ္မတူ-မန်တုံ-နမ့်ဆန်မြို့တို့အား အဓိကဆက်သွယ်ထားသည့် အီနိုင်းတံတားအား ချိုးဖျက်ခံခဲ့ရခြင်းဖြစ်သည်။

လက်ရှိတွင် အီနိုင်းချောင်းတံတားအား မိုင်းခွဲဖျက်ဆီးမှုအပေါ် အပြန်အလှန်စွပ်စွဲမှုများလည်း ရှိနေပြီး မည်သည့်အဖွဲ့က ချိုးဖျက်သည်ကိုမူ ဝန်ခံကြခြင်းမရှိချေ။

Leave a Reply

Your email address will not be published. Required fields are marked *