၁. ၁. ၂၀၂၄
Written by Nyein Kyaw

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံတိုးတက်စေရန် ဆန္ဒမရှိသူများ၏ နည်းမျိုးစုံသော အဖျက်လုပ်ငန်းများကြောင့် တိုင်းပြည်အတွက် အနုတ်လက္ခဏာသာ ဖြစ်ခဲ့ခြင်းကြောင့် ၂၀၂၄ ခုနှစ်အတွင်း စီးပွားရေးပိုမိုကောင်းမွန်အောင် အဓိကထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၄ ခုနှစ် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

“ကျွန်တော်တို့နိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကာလအတွင်း တွေ့ကြုံခဲ့ရတဲ့ အခက်အခဲအချို့နဲ့ စိန်ခေါ်မှုများကိုလည်း နိုင်ငံတော်အစိုးရနဲ့ တိုင်းရင်းသားပြည်သူအားလုံး လက်တွဲပူးပေါင်းပြီး အောင်မြင်စွာ ရင်ဆိုင်ကျော်လွှားနိုင်ခဲ့ကြပါတယ်။ ဒီမိုကရေစီနည်းလမ်းတကျနဲ့ ငြိမ်းချမ်းစွာ ကိုယ်နိုင်ငံတိုးတက်စေဖို့ ဆန္ဒမရှိသူတွေကတော့ ပြည်သူပြည်သားတွေကို နည်းမျိုးစုံနဲ့ နှောင့်ယှက်ခဲ့ကြတာလည်းရှိပါတယ်။ အဖျက်လုပ်ငန်းအမျိုးမျိုးကြောင့် နိုင်ငံပိုင်၊ ပြည်သူပြည်သားတွေရဲ့ ပိုင်ဆိုင်မှုများ ထိခိုက်ပျက်စီးဆုံးရှုံးမှုဟာ တိုင်းပြည်အတွက် အနုတ်လက္ခဏာပဲဖြစ်ခဲ့ပါတယ်။ ဒါတွေသာမရှိခဲ့၊ မဖြစ်ခဲ့ဘူးဆိုရင် ကျွန်တော်တို့နိုင်ငံဟာ များစွာကို တိုးတက်နေမှာဖြစ်ပါတယ်။ ဒါဟာကျွန်တော်တို့အတွက် သင်ခန်းစာပါ။ ကျွန်တော်တို့အားလုံး နိုင်ငံကိုချစ်တဲ့၊ အမျိုးကို ချစ်တဲ့စိတ်၊ ညီညွတ်တဲ့အားနဲ့ ကျော်လွှားရပါမယ်။ ၂၀၂၄ ခုနှစ်မှာလည်း ကျွန်တော်တို့ အစိုးရအနေနဲ့ ချမှတ်ထားတဲ့ အမျိုးသားရေးရည်မှန်းချက်များ၊ နိုင်ငံရေး ရည်မှန်းချက်များ၊ ရှေ့လုပ်ငန်းစည်များနဲ့ ဦးတည်ချက်များကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ဖို့ ပြည်သူလူထုနဲ့ လက်တွဲပြီး ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အဓိကအားဖြင့် စီးပွားရေး ပိုမိုကောင်းမွန်အောင် ကြိုပမ်းဆောင်ရွက်သွားပါမယ်” ဟု SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ထို့ပြင် ၂၀၂၄ ခုနှစ်အတွင်း ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး သန်းခေါင်စာရင်းမှရရှိသည့် လူဦးရေဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များက မြန်မာနိုင်ငံ၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေး ကိစ္စရပ်များတွင် အကျိုးရှိရှိလုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ SAC အစိုးရ၏ အန္တိမရည်မှန်းချက်ဖြစ်သည့် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေးစီ အထွေထွေ ရွေးကောက်ပွဲကြီး ဖြစ်ပေါ်စေရေးအတွက် အခြေခံအချက်ဖြစ်သည့် မဲစာရင်းများ မှန်ကန်ပြည့်စုံရေးတွင်လည်း အသုံးပြုနိုင်မည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

“ကုန်လွန်ခဲ့တဲ့ နှစ်ဟောာင်းထဲမှာ ကျွန်‌တော်တို့ နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းစေမဲ့အရာတွေကို ဆက်လက်သယ်ဆောင်ကြပြီး မကောင်းသော အတွေး၊ မကောင်းသော အမြင်များနဲ့ မကောင်းသော လုပ်ရပ်များကို ချန်ရစ်ခဲ့ကာ လူမျိုးရေး၊ ဘာသာရေး၊ ဒေသအရေးအစွဲများ ကင်းဝေးခြင်းနဲ့အတူ တစ်ဦးအပေါ်တစ်ဦး ကိုယ်ချင်းစာတရား၊ မုဒိတာတရား၊ မေတ္တာတရားများနဲ့ ကျွန်တော်တို့အားလုံး မျှော်လင့်တောင်းတနေတဲ့ နိုင်ငံတော်သစ်ဆီ ဆက်လက်လျှောက်လှမ်းကြပါစို့လို့ တိုက်တွန်းပြောကြားလိုပါတယ်” ဟု SAC ဥက္ကဋ္ဌက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *