၁.၁.၂၀၂၄
Written by Hey Mar

အသက် ၂၀ ကျော်အရွယ် လူငယ်တစ်ဦး အအေးသောက်ရင်း ရုတ်တရက် လဲကျသေဆုံးခဲ့တဲ့ ဖြစ်စဉ် မနေ့က ဒီဇင်ဘာ ၃၁ ရက် နေ့လည် ၂ နာရီအချိန်ခန့်မှာ ကုန်သည်လမ်းနဲ့ ဆူးလေးဘုရားလမ်းထောင့်အနီး လမ်းဘေးအအေးဆိုင်မှာ ဖြစ်ပွားခဲ့တယ်လို့ ဖြစ်စဉ်ကို သွားရောက်အကူအညီပေးခဲ့တဲ့ ပရဟိတ အဖွဲ့ထံကနေ သိရပါတယ်။

အဆိုပါလူငယ်ကို မိသားစုနဲ့ ချိတ်ဆက်နိုင်ဖို့ သက်ဆိုင်ရာတာဝန်ရှိသူတွေက စစ်ဆေးဆောင်ရွက်မှုတွေပြုလုပ်ရာမှာ ဒဂုံတက္ကသိုလ်တက်ရောက်နေတဲ့ မြန်မာစာအဝေးသင်ကျောင်းသားတစ်ဦးဖြစ်ကြောင်း သိရှိရပြီး တောင်ဒဂုံမြို့နယ်မှာ နေထိုင်သူလို့ သိရပါတယ်။

“အလုပ်သွားရင်းဖြစ်တဲ့ပုံပါပဲ။ ရုတ်တရက်လဲကျသေဆုံးတာမို့ ဆေးရုံကြီးကို အရေးပေါ်ပို့ဆောင်ပေးခဲ့ပါတယ်။ ဘာကြောင့်သေဆုံးတယ်ဆိုတဲ့ မှတ်ချက်ကတော့ ဆေးစာထွက်လာမှ သိနိုင်မှာပါ။ သူ့လွယ်အိတ်ထဲမှာ မှတ်ပုံတင် ကျောင်းသားကတ်တွေပါ ပါလာလို့ မိသားစုနဲ့ ချိတ်ဆက်တာတွေ တာဝန်ရှိသူတွေက ဆောင်ရွက်နေပါတယ်။ လိုအပ်တာတွေလည်း ပူးပေါင်း ကူညီပေးသွားမှာပါ” လို့ လင်းလက်လူမှုကူညီရေးအသင်း တာဝန်ရှိသူက MT News ကို ပြောပါတယ်။

ဓာတ်ပုံ – လင်းလက်လူမှုကူညီရေးအသင်း

Leave a Reply

Your email address will not be published. Required fields are marked *