၁. ၁. ၂၀၂၄
Written By Pyi Thu

ငွေကြေးလိမ်လည်မှုဖြင့်တရားစွဲခံထားရသည့် သရုပ်ဆောင်အကယ်ဒမီ မို့မို့မြင့်အောင်တို့ဇနီးမောင်နှံ အယူခံ ဆက်တက်သော်လည်း ထပ်မံပယ်ချခံရကြောင်း တရားရုံးနှင့် နီးစပ်သူများထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလက အမှုချေဖျက်ခွင့်တင်သည်ကို တရားရုံးကပယ်ချခဲ့ပြီးနောက် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ တတိယပတ်တွင် ဆက်လက်အယူခံဆက်ခဲ့ရာ အထက်ပါအတိုင်း ထပ်မံပယ်ချခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

သရုပ်ဆောင်အကယ်ဒမီ မို့မို့မြင့်အောင်နှင့် ခင်ပွန်းဖြစ်သူတို့အနေဖြင့် ကျပ် သိန်း ၅၀၀၀ လိမ်လည်မှုဖြင့် ပဲခူးတိုင်းဒေသကြီး၊ အင်းတကော်မြို့ရှိ အင်းတကော်ရဲစခန်း၌ တရားစွဲဆိုခံရကာ အမှုရင်ဆိုင်နေရခြင်း ဖြစ်သည်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်က တရားရုံးချိန်းတွင် စစ်ဆေးရာ မို့မို့မြင့်အောင်က ယင်းတို့အား ငွေချေးထားသည့် ဦးစိုးလှိုင်ဆိုသူကို မသိဟု ထွက်ဆိုခဲ့ကြောင်း သိရသည်။

သို့သော်လည်း ပြီးခဲ့သည့်၂၀၂၃ ခုနှစ် ဧပြီလက ငွေကြေးလိမ်လည်မှုဖြင့်အမှုဖွင့်ခံထားရသည့် အကယ်ဒမီ မို့မို့မြင့်အောင်တို့ ဇနီးမောင်နှံက ချေးငွေယူကြောင်း ဝန်ခံကာ သတ်မှတ်ရက်အတွင်း ငွေလာပေးမည်ပြောဆိုပြီး ရဲစခန်းတွင်အာမခံယူသွားခဲ့ခြင်းဖြစ်ကြောင်းလည်း MT News တွင် ဖော်ပြပြီးဖြစ်သည်။

သရုပ်ဆောင်အကယ်ဒမီ မို့မို့မြင့်အောင်နှင့်ခင်ပွန်းတို့အနေဖြင့် ၂၀၂၃ ခုနှစ် အောက်တိုဘာလကလည်း တရားစွဲခံထားရသည့် ငွေကြေးလိမ်လည်မှု ချေဖျက် တင်ခဲ့သေးကြောင်း၊ သို့သော် ပဲခူးတိုင်းခရိုင်တရားရုံးက ပယ်ချခဲ့ကာ မြို့နယ်ရုံးအတိုင်းသာ အတည်ပြုသည့်အတွက် ပြစ်မှုဖြင့်သာ ဆက်လက်စစ်ဆေးသွားရန် ချမှတ်ခဲ့ကြောင်း၊ ၎င်းအပြင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်က ယင်းကို ပယ်ဖျက်ရန် အယူခံ ဆက်တက်ခဲ့ပြန်ရာ ထပ်မံ ပယ်ချလိုက်ကြောင်း သိရသည်။

“ခရိုင်ကပယ်ဖျက်တဲ့အမိန့်ရယ်၊ မြို့နယ်က ပယ်ဖျက်တဲ့ အမိန့်ရယ်ကိုမကျေနပ်ပါဘူးဆိုပြီး တိုင်းရုံးကို အယူခံ တက်တယ်။ ဒီဇင်ဘာလ ၂၈ ရက်နေ့ကပေါ့။ ဒီအမိန့်ကို ပယ်ဖျက်ဖို့ဆိုပြီးတက်တယ်။ သူ့ရှေ့နေကနေ ဒီအမှု လျှောက်လဲချက်ပေးတယ်။ ဗဟို တိုင်းတရားသူကြီးချုပ်က ဒါကိုလုံးဝလက်မခံဘူး။ ပယ်ပြစ်လိုက်တယ်။ သူတို့ တင်တာလက်မခံဘူး”ဟု တရားရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

တရားလိုနှင့် မို့မို့မြင့်အောင်တို့ ဇနီးမောင်နှံတို့မှာ လွန်ခဲ့သောနှစ်၂၀ ခန့်ကပင် ခင်မင်ရင်းနှီးခဲ့ကြသူများ ဖြစ်ကြောင်း၊ ထားဝယ်ရေနက်ဆိပ်ကမ်းအတွက် အရေးတကြီး ငွေလိုသည်ဆိုကာ ငွေကျပ် သိန်း ၅၀၀၀ ကို ဦးစိုးလှိုင်ထံမှ မို့မို့မြင့်အောင်တို့ ဇနီးမောင်နှံက ချေးယူခဲ့ခြင်းဖြစ်ပြီး မကြာသေးခင်ရက်ပိုင်းကလည်း မို့မို့မြင့်အောင်တို့ ဇနီးမောင်နှံနှင့် ဖုန်းပြောဆိုခဲ့သေးကြောင်း တရားလိုက MT News ကို ရှင်းပြသည်။

“သူတို့ အယူခံဆက်တက်တာကို ပယ်လိုက်တော့ အမျိုးသားရော၊ အမျိုးသမီးရော ဒီဇင်ဘာလ ၂၈ ရက် ၄ နာရီနဲ့ ၂၇ မိနစ် မှာ ကျွန်တော့်ဆီဖုန်းဆက်တယ်။ သူ့တူက ဟောင်ကောင်ကနေ ဇန်နဝါရီ ၁၀ ရက်နေ့ရောက်ပါမယ်ပေါ့နော်။ ၁၀ ရက်နေ့ရောက်လို့ရှိရင် သူ ၁၂ ရက်နေ့ကိုပေးမယ်ပေါ့။ နေ့ရွှေ့၊ ညရွှေ့နဲ့ အကြိမ်ပေါင်းလည်းများပြီ။ အဲ့ဒီလိုပေါ့။ သူကမရတော့ဘူးဆိုရင်ဖုန်းဆက်ပြီးပေးမယ်လုပ်တယ်။ အဲ့ဒီရက် ရောက်သွားရင်မပေးတော့ပြန်ဘူး။ ထပ်ပြီးတော့ဆက်တယ်။ ပေးစရာရှိတာလည်း မှန်ကန်နေတဲ့အခါ တရားရုံးကလည်းသူတို့ကိုလက်မခံဘူးလေ။ အဲ့ဒီကြတော့ လုပ်မရဘူးထင်ပြီးတော့သူတို့ ကထပ်ထပ်ပြီးတော့ဖုန်းဆက်တယ်။ စာမျိုးစုံပို့ လိုက်ရင်း၊ ဖုန်းမျိုးစုံဆက်လိုက်ရင်း ဒီလိုနဲ့ပဲ အမျိုးမျိုးပေါ့” ဟု တရားလို ဦးစိုးလှိုင် MT News ကို ပြောသည်။

MT News က ရရှိထားသည့် ငွေပြန်လည်ဆပ်မည်ဖြစ်ကြောင်း ကတိကဝတ်ပြုသည့် လက်မှတ်များတွင် ဇနီးမောင်နှံနှစ်ဦးစလုံးက လက်မှတ်ရေးထားထားသော်လည်းအကယ်ဒမီ မို့မို့မြင့်အောင်က ၎င်း၏ခင်ပွန်းဖြစ်သူမှာ ငွေကြေးအရှုပ်အရှင်းများကို အကြိမ်ကြိမ်ကျူးလွန်ထား သည့်အတွက် လက်မခံနိုင်ဟုဆိုကာကွာရှင်းကြောင်း ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၆ ရက် နိုင်ငံပိုင် သတင်းစာများတွင် ကြေညာခဲ့သေးသည်။

Leave a Reply

Your email address will not be published. Required fields are marked *