၁. ၁. ၂၀၂၄
Translated by Htwe Ko Tun

ယူကရိန်းနိုင်ငံအရှေ့ပိုင်းရှိ ရုရှားတပ်ဖွဲ့များထိန်းချုပ်ထားရာနယ်မြေဖြစ်သော ဒိုနတ်စ်ခ်သမ္မတနိုင်ငံ၏ မြို့တော် ဒိုနတ်စ်ခ်မြို့ရှိ Donbass Palace ဟိုတယ်အား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်၏ နံနက်အစောပိုင်းနာရီများတွင် ပစ်ခတ်ခဲ့ရာ နံနက် ၂ နာရီ(ရုရှားစံတော်ချိန် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက် ည ၁၁ နာရီ) အထိ ယူကရိန်းတို့ပစ်ခတ်သော အ‌မြောက်ကျည်ဆံများထိမှန်ခဲ့မှုကြောင့် စုစုပေါင်းသေဆုံးသူ လေးဦးရှိပြီး ၁၃ ဦးဒဏ်ရာရခဲ့ကြောင်း ရုရှားတို့ခန့်ထားသည့် ဒိုနတ်စ်ခ်ဒေသ အကြီးအကဲ ဒန်နစ် ပူရှီလင်က ပြောကြားခဲ့သည်။

Donbass Palace ဟိုတယ်က ကြယ်ငါးပွင့်ဟိုတယ်တစ်လုံးဖြစ်ကာ ဒိုနတ်စ်ခ်မြို့၏ အချက်အချာမြို့လယ်ပိုင်းတွင် တည်ရှိသည်။ ထို့မတိုင်မီကလည်း ဒိုနတ်စ်ခ်ဒေသအုပ်ချုပ်ရေးဗဟိုဌာနကို ယူကရိန်းတို့က လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့သေးသည်။

၂၀၂၃ ခု နှစ် မကုန်ဆုံးမီ ဒီဇင်ဘာလ ၂၉ ရက်နှင့် ဒီဇင်ဘာလ ၃၀ ရက်တို့တွင် ရုရှားနှင့်ယူကရိန်းတို့ တစ်ဖက်နှင့်တစ်ဖက်ဒုံးကျည်များဖြင့် အပြန်အလှန်ပစ်ခတ်ခဲ့ကြမှုကြောင့် နှစ်ဖက်စလုံးမှပင် စစ်ပွဲနှင့် မသက်ဆိုင်သော လူနေအဆောက်အအုံများပျက်စီးကာ အရပ်သားများစွာ သေကြေပျက်စီးဒဏ်ရာရခဲ့သည်။

ခရိုင်းမီးယားဒေသ ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်သော ဖီအိုဒိုဆီးယားမြို့ အနီးတွင်လည်း ရုရှားကမ်းတက်စစ်ရေယာဉ်ဖြစ်သော Novocherkassk ကို ယူကရိန်းတို့က ဒုံးကျည်များဖြင့်ပစ်ခတ်ခဲ့ရာ ရုရှားစစ်ရေယာဉ်ထိခိုက်ပျက်စီးရုံမက ရုရှားသင်္ဘောသား ၇၄ ဦးသေဆုံးကာ ၂၇ ဦး ဒဏ်ရာရခဲ့သည်။ ထို့ပြင် အနီးရှိ ရုရှားလေ့ကျင့်ရေးသင်္ဘော UTS-150 မှာလည်း ထိခိုက်မှုများရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ၂၀၂၃ ခုနှစ်ကုန်၍ ၂၀၂၄ သို့ ကူးပြောင်းမည့်ရက်သတ္တပတ်အတွင်း ရုရှားနှင့် ယူကရိန်းတို့၏ တိုက်ခိုက်မှုများက ပို၍ပြင်းထန်လာခဲ့ကြောင်း တွေ့ရသည်။

Ref-Tass, The Guardian

Leave a Reply

Your email address will not be published. Required fields are marked *

Related News