ဘဏ္ဍာရေးကော်မရှင်အစည်းအဝေး ၂/၂၀၂၂ ကျင်းပနေမှုကို တွေ့ရစဥ်

MT News

Written by Tha Doe

ကျဆင်းခဲ့သည့် မြန်မာ့စီးပွားရေး ပြန်လည်မြှင့်တင်ပေးနိုင်ရန် MSME ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေ ထပ်မံထူထောင်မည်ဖြစ်ကြောင်းSAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

အဆိုပါ ပြောကြားချက်ကို နိုဝင်ဘာ ၂၄ ရက်က ကျင်းပခဲ့သည့် ဘဏ္ဍာရေးကော်မရှင်၏ အစည်းအဝေး ၂/၂၀၂၂ တွင် ပြောကြားခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကို ကျပ်ဘီလျံ ၄၀၀ နှင့် မတည်ထူထောင်ပေးထားပြီး ဖြစ်သလို မကြာမီကာလတွင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေကိုလည်း ထပ်မံထူထောင်ပေးရန် ဆောင်ရွက်လျက်ရှိကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

လက်ရှိ ဘဏ္ဍာနှစ်အတွက် ဝန်ကြီးဌာနများက တောင်းခံသည့် ဖြည့်စွက်ခွင့်ပြုခွင့်ငွေများ ခွင့်ပြုပေးခဲ့ပြီး ယခုကဲ့သို့ ဖြည့်စွက်ခွင့်ပြုငွေများ ထပ်မံခွင့်ပြုပေးခြင်းများ၊ ကိုဗစ်-၁၉ အထူးချေးငွေရန်ပုံငွေ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေများကို ထူထောင်ပေးခြင်းများသည် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကျဆင်းခဲ့ရသည့် နိုင်ငံတော်၏စီးပွားရေးကို ပြန်လည်မြှင့်တင်ပေးနိုင်ရန် နိုင်ငံတော်အစိုးရအနေဖြင့် ကြိုးပမ်းဆောင်ရွက်ပေးနေခြင်းပင် ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ပြည်တွင်းရင်းနှီးမြှုပ်နှံမှမှုများကို အားပေးမှုမရှိသောကြောင့် NLD အစိုးရဟောင်းလက်ထက် ၂၀၁၈၊ ၂၀၁၉ ခုနှစ်ကာလကတည်းက မြန်မာ့စီးပွားရေးစတင် ကျဆင်းခဲ့သည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားထားသည်။

SAC အနေဖြင့် လက်ရှိတာဝန်ထမ်းဆောင်မှုမှာ နိုင်ငံ၏လိုအပ်ချက်အရ နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ခဲ့ရပြီး ထိုသို့တာဝန်များကို ထမ်းဆောင်ခဲ့ရချိန်တွင် ကိုဗစ်ရောဂါဖြစ်ပွားမှုနှင့် ကြုံတွေ့ခဲ့ရသကဲ့သို့ နိုင်ငံရေးသဘောထား မတိုက်ဆိုင်မှုများကြောင့် နိုင်ငံရေးဆူပူမှုများ ဖြစ်ပေါ်ခဲ့သည်။ အထူးသဖြင့် ကိုဗစ် – ၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် နိုင်ငံ၏စီးပွားရေး ကျဆင်းမှုများရှိခဲ့ပြီး မိမိတို့နိုင်ငံတွင်သာမက အခြားကမ္ဘာ့နိုင်ငံများတွင်လည်း စီးပွားရေးကျဆင်းမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ပြောကြားထားသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးကျဆင်းမှုမှာ အချက်အလက်များအရ ယခင် NLD အစိုးရဟောင်းလက်ထက် ၂၀၁၈/၂၀၁၉ ခုနှစ်ခန့်မှစတင်၍ စီးပွားရေးကျဆင်းမှုများ စတင်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်ကို တွေ့ရှိရပြီး ထိုသို့ စီးပွားရေးကျဆင်းခဲ့ခြင်းမှာ ပြည်တွင်းစီးပွားရေးလုပ်ငန်းများနှင့် ပြည်တွင်း ကုန်ထုတ်လုပ်ခြင်းများကို အားပေးခြင်းများမရှိခဲ့ခြင်းကြောင့် ဖြစ်သည်ကိုတွေ့ရှိရသည်။

ထို့ပြင် ပြည်ပမှတင်သွင်းမှုများ များပြားခဲ့ခြင်းကြောင့် နိုင်ငံ၏ကုန်သွယ်မှုလိုငွေများ ဖြစ်ပေါ်ခဲ့သည်ကို မှတ်တမ်းများအရသိရှိရပြီး ပထမဒီမိုကရေစီအစိုးရ သက်တမ်းနှင့် ဒုတိယဒီမိုကရေစီအစိုးရ သက်တမ်းနှစ်ခုတွင် အမေရိကန်ဒေါ်လာ ၂၄ ဘီလီယံကျော်ခန့် ကုန်သွယ်မှုလိုငွေများပြခဲ့ကာ အဆိုပါလိုငွေများကို ပြည်ပချေးငွေများ၊ ထောက်ပံ့ငွေများ၊ အခြားရငွေများဖြင့်ဖြေရှင်း ဆောင်ရွက်ခဲ့သည်ကို တွေ့ရသဖြင့် ကုန်သွယ်မှုလိုငွေများ နည်းပါးအောင် ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံ၏ စီးပွားရေးတိုးတက်ကောင်းမွန်လာ မည်ဖြစ်သည်ဟုလည်း SAC ဥက္ကဋ္ဌက ပြောကြားထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *