ပုဆိုးခြုံ၍ မျက်နှာအဝတ်စီးထားသော PDF ၅ ဦးက”ဒလန်မောင်မှုံဆိုတာခင်ဗျားလား ထွက်ခဲ့ ထွက်ခဲ့”ဟုပြောကာ မိသားစုရှေ့ ရက်ရက်စက်စက်ပစ်သတ်ခဲ့

၃၀.၁၂. ၂၀၂၃
Written by Min Mahar

မိသားစုနှင့်အတူ ထမင်းစားရန်ပြင်ဆင်နေသော အမျိုးသားတစ်ဦးကို PDF ၅ ဦးက မိသားစုရှေ့မှာပင် သေနတ်ဖြင့် ၆ ချက် ပစ်ခတ်သတ်ဖြတ်သွားမှု နွားထိုးကြီးမြို့နယ်တွင် ယမန်နေ့ညနေစောင်းပိုင်းက ဖြစ်ပွားခဲ့သော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လုံခြုံရေးအခြေအနေအရ ယနေ့မနက်မှ လာရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ဖလံကုန်းကျေးရွာတွင် နေထိုင်ပြီး တောင်သူလုပ်ကိုင်နေသော အသက် ၅၅ နှစ်ခန့်အရွယ် ဦးမောင်မှုံသည် ယမန် နေ့(ဒီဇင်ဘာ ၂၉ ရက်နေ့) ညနေ ၅ နာရီ ၃၀ မိနစ်ခန့်က အသက် ၂၄ နှစ်အရွယ်နှင့် အသက် ၁၅ နှစ်အရွယ်သမီးဖြစ်သူ ၂ ဦးနှင့်အတူ ယာခင်းထဲမှ ပြန်လာချိန် အသက် ၆၀ အရွယ် ဇနီးဖြစ်သူမှ ထမင်းစားကြရန်ပြင်ဆင်ပေးနေစဉ် ပုဆိုးများခြုံ၍ မျက်နှာအားအဝတ်များစီးထားသော PDF အဖွဲ့က အမည်မသိအမျိုးသား ၅ ဦးမှ ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာပြီး “ဒလန် မောင်မှုံဆိုတာ ခင်ဗျားလား ထွက်ခဲ့ ထွက်ခဲ့”ဟုပြောဆိုကာ ဦးမောင်မှုံအား မြေပြင်တွင် ဝမ်းလျားမှောက်ခိုင်းထားကာ မိသားစုဝင်များရှေ့၌ပင် သေနတ်ဖြင့် ၆ ချက်ပစ်ခတ်ကာ ဦးမောင်မှုံကို သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ထို့ကဲသို့ ပစ်ခတ်သွားမှုကြောင့် ဦးမောင်မှုံမှာ ယာဘက်လက်မောင်းကို ကျည်ဖောက်ဝင်ဖောက်ထွက်သွားသောဒဏ်ရာ  ၂ ချက်၊ ယာဘက်ပါးမှဖောက်ဝင်ပြီး ဝဲဘက်နားထင်ကိုပြန်ပွင့်ထွက်သွားသည့် ဒဏ်ရာ ၂ ချက်၊ ဝဲဘက်လက်ဖျံကိုလည်း ကျည်ဖောက်ဝင်ဖောက်ထွက်သွားသောဒဏ်ရာ ၂ ချက်တို့ဖြင့် ၎င်း၏အိမ်ဝိုင်းထဲ၌ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

အဆိုပါအခင်းဖြစ်စဉ်ဖြစ်ပွားရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လုံခြုံရေးအခြေအနေအရ ချက်ချင်းမသွားနိုင်ခဲ့သော်လည်း ယနေ့ (ဒီဇင်ဘာလ ၃၀ ရက်)မနက် ၉ နာရီခန့်မှသာ ရောက်ရှိလာကြကာ စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ပြီးနောက် အလောင်းအား နွားထိုးကြီးမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ဒေသခံလူမှုကူညီရေးကားနှင့်ပင် မနက် ၉ နာရီ ၃၀ မိနစ်တွင် ပို့ဆောင်ထားခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့များနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *