၃၀. ၁၂. ၂၀၂၃
Written by Pan Ei

ရုရှား – ယူကရိန်းစစ်ပွဲမှာ အကြီးမားဆုံး လေကြောင်းတိုက်ခိုက်မှုအဖြစ် ရုရှားက ဒီဇင်ဘာ ၂၉ ရက်က ပစ်ခတ်ခဲ့ရာ ယူကရိန်းမှာ အရပ်သား ၃၁ ဦး သေဆုံးခဲ့သလို လူ ၁၆၀ ကျော် ဒဏ်ရာရရှိပြီး နိုင်ငံတဝှမ်းက မြို့တွေနဲ့ အခြေခံအဆောက်အအုံတွေကို ထိမှန်ခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးဌာနက အဆိုပါ တိုက်ခိုက်မှုဟာ ကီယက်ဗ်အတွက် အနောက်နိုင်ငံတွေရဲ့ ပံ့ပိုးကူညီမှု အနာဂတ်အတွက် မသေချာမရေရာမှုတွေ ရှိနေချိန်မှာ ရုရှားနဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုတွေ မဖြစ်သင့်ဘူးဆိုတာ ပြသခဲ့တယ်လို့ ဆိုပါတယ်။

“ဒီနေ့၊ သန်းပေါင်းများစွာသော ယူကရိန်းနိုင်ငံသားတွေဟာ ကျယ်လောင်တဲ့ ပေါက်ကွဲသံတွေကြောင့် နိုးကြားခဲ့ကြပါတယ်။ ယူကရိန်းက ခုလို ပေါက်ကွဲသံတွေကို ကမ္ဘာတဝှမ်းလုံး ကြားနိုင်ပါစေကြောင်း”လို့ နိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba က ဆိုကာ မဟာမိတ်တွေကို ရေရှည်အကူအညီပေးရေး တိုက်တွန်းခဲ့ပါတယ်။

ရုရှားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ကြီး Vasily Nebenzya က မော်စကိုဟာ ယူကရိန်းက စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကိုသာ တိုက်ခိုက်ခဲ့ပြီး ယူကရိန်းရဲ့ လေကြောင်းရန် ကာကွယ်ရေးစနစ်တွေက အရပ်သားတွေ သေဆုံးဒဏ်ရာရမှုအတွက် တာဝန်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

ယူကရိန်းမြို့တော် ကီယက်ဗ်မှာ ဂိုဒေါင်တစ်ခု၊ လူနေအိမ်အဆောက်အအုံတွေနဲ့ တခြားလူနေထိုင်ခြင်းမရှိတဲ့ အဆောက်အအုံတွေ ထိခိုက်မှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူကိုးဦး သေဆုံးကာ ၃၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

ရုရှားနိုင်ငံက ပစ်ခတ်ခဲ့တဲ့ လေကြောင်းပစ်မှတ် ၁၅၈ ခုအနက် ခရုဇ်ဒုံးကျည် ၈၇ စင်းနဲ့ ဒရုန်း ၂၇ စင်းတို့ကို ပစ်ချခဲ့ကြောင်း ယူကရိန်းလေတပ်က ပြောကြားခဲ့ပြီး ယူကရိန်းကာကွယ်ရေးဝန်ကြီး Rustem Umerov က “ဒါဟာ ဒီစစ်ပွဲရဲ့ အပြင်းထန်ဆုံး လေကြောင်းတိုက်ခိုက်မှုဖြစ်ပြီး ဗျူဟာမြောက် ဗုံးကြဲလေယာဉ် ၁၈ စင်း ပါဝင်တယ်”လို့ ပြောပါတယ်။

နေတိုးအဖွဲ့ဝင် ပိုလန်နိုင်ငံကလည်း ရုရှားဒုံးကျည်တစ်စင်းဟာ သူတို့ရဲ့လေပိုင်နက်အတွင်း ကီလိုမီတာ ၄၀ ခန့်အကွာကို ပျံသန်းသွားပြီး သုံးမိနစ်လောက်အကြာမှာ ယူကရိန်းနိုင်ငံကို ပြန်လည်ရောက်ရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ အဲ့ဒါကြောင့် ပိုလန်နိုင်ငံဟာ ရုရှားသံအမတ်ကို ဆင့်ခေါ်ပြီး ပိုလန်ရဲ့လေပိုင်နက်ထဲကို ဒုံးကျည်တွေ ဝင်ရောက်ခြင်းအတွက် ရှင်းလင်းချက်ပေးဖို့ တောင်းဆိုခဲ့ကြောင်းနဲ့ ခုလိုလှုပ်ရှားမှုတွေကို ချက်ချင်းရပ်တန့်ဖို့ ပိုလန် နိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာနေ့ညနေပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

ယူကရိန်းကို ဒုံးကျည်တွေ မောင်းသူမဲ့လေယာဉ်တွေနဲ့ တိုက်ခိုက်မှု အကြီးအကျယ် ပြုလုပ်ခဲ့တဲ့အတွက် ရုရှားနိုင်ငံကို သောကြာနေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီအစည်းအဝေးမှာ အမေရိကန်၊ ပြင်သစ်နဲ့ ဗြိတိန်အပါအဝင် ကောင်စီအဖွဲ့ဝင်အများစုက ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချခဲ့ကြပါသေးတယ်။

Ref; Reuters

Leave a Reply

Your email address will not be published. Required fields are marked *

Related News