၃၀. ၁၂. ၂၀၂၃
Written by Hey Mar

မပြေလည်တဲ့ အချစ်ရေးကြောင့် အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦး ကိုယ့်ကိုယ်ကိုယ် ဆွဲကြိုးချသတ်သေခဲ့တဲ့ဖြစ်စဥ် နေပြည်တော် ၊ ဇေယျာသီရိမြို့နယ်မှာ ဒီကနေ့ ဒီဇင်ဘာ ၃၀ နေ့လည် ၁ နာရီ ဝန်းကျင်က ဖြစ်ပွားခဲ့တယ်လို့ နေပြည်တော်အခြေစိုက် ပရဟိတ အသင်းကနေ သိရပါတယ်။

ဖြစ်စဥ်ဟာ အသက် ၁၇ နှစ်အရွယ် မောင်ဇော်မင်းဦး ဆိုသူအမျိုးသားငယ်တစ်ဦး မင်္ဂလာဆောင်တစ်ခုကနေ ပြန်လာပြီး နေအိမ်ရဲ့ အလယ်ခန်း ထုပ်တန်းမှာ ဆွဲကြိုးချသေဆုံးနေတာကို မိသားစုဝင်တွေက တွေ့ရှိပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေဆီ အကြောင်းကြား အကူအညီတောင်းခံလာတာလို့ သိရပါတယ်။

တာဝန်ရှိသူတွေနဲ့အတူ လိုက်ပါကူညီပေးခဲ့တဲ့ အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ကရုဏာရှင်လူမှုကူညီရေးပရဟိတအသင်းမှ တာဝန်ရှိသူက “မိဘတွေ ရင်ကျိုးတာပေါ့။ မနက်ပိုင်းကတောင် မင်္ဂလာဆောင်တစ်ခုသွားခဲ့ပြီး အဲ့ဒီကပြန်လာတဲ့ ခါးဝတ်ခါးစားနဲ့ပဲ အခုလို ဖြစ်တာလို့ ပြောတယ်။ အချစ်ရေးအဆင်မပြေမှုလို့တော့ ပြောကြတယ်။ မင်္ဂဆောင်နဲ့ သက်ဆိုင်လား မဆိုင်လားတော့ မှတ်ချက်မပြုချင်ပါဘူး” လို့ MT News ကို ပြောပါတယ်။

ရုပ်အလောင်းကို သက်ဆိုင်ရာ အဖွဲ့အစည်းတာဝန်ရှိသူတွေ ရင်ခွဲစစ်ဆေးနိုင်ဖို့ ကရုဏာရှင်လူမှုကူညီရေးအသင်း နိဗ္ဗာန်ယာဥ်နဲ့ နေပြည်တော် ပြည်သူ့ဆေးရုံကြီးကုတင် (၁၀၀၀) ရင်ခွဲရုံကို ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

ပုံစာ။ ဆွဲကြိုးချသေဆုံးသူလူငယ်ကို သယ်ဆောင်လာစဥ်(ဓာတ်ပုံ – ကရုဏာရှင်လူမှုကူညီရေးအသင်း)

Leave a Reply

Your email address will not be published. Required fields are marked *