၃၀. ၁၂. ၂၀၂၃
Written By Thandar

ထိုင်းနိုင်ငံ လှပူရီမြို့ တင်ကောင်းကျေးရွာ နောင်လပ်ရပ်ကွက်မှာ ပြုလုပ်မဲ့”ပီနိုင်နှစ်သစ်ကူးပွဲတော်”ကို ဒီနေ့ ဒီဇင်ဘာ ၃၀ နဲ့ ဒီဇင်ဘာ ၃၁ ရက်တို့မှာ ၂ ရက်တိုင်တိုင် ဖျော်ဖြေရမှာမို့ ပီတိဖြစ်ရပါတယ်လို့ လူရွှင်တော် သရုပ်ဆောင် မေတ္တာမြင့်မြတ်ဟိန်းက ပြောပါတယ်။

“ဖျော်ဖြေတင်ဆက်မှုကတော့ ပုံမှန်မြန်မာပြည်မှာ တင်ဆက်သလိုပါပဲ။ ထွေထွေထူးထူးတော့မရှိပါဘူး။ သီချင်းလေးတွေဆိုမယ်။ ရယ်စရာလေးတွေပြောမယ်။ နှစ်ပါးသွားရော၊ အငြိမ့်ရောပါတော့ အငြိမ့်မူ နှစ်ပါးကြတော့လည်း သားတို့အမွှာကလေးတွေနဲ့အတူ နှစ်ပါးမူနဲ့ကပြဖျော်ဖြေကြမှာပါ။ ဒီဖျော်ဖြေပွဲအတွက် ပီတိလည်းဖြစ်ရပါတယ်။ ကွာခြားမှုဆိုရင်တော့ မြန်မာပြည်မှာကတော့ ကိုယ်ငှားတဲ့နေရာတွေကအစ ကိုယ့်ကိုလည်းသိကြတယ်လေ။ ပြည်ပမှာကကြတော့ ကိုယ့်ကို သိတဲ့သူက ပွဲခေါ်တဲ့သူပေါ့နော်။ ကျန်တဲ့မိသားစုတွေကတော့ ပွဲကပြီးသွားမှသာ ကျွန်တော့်ကိုသိကြတာများတယ်။ ဒါပေမယ့်လည်း အဖေက ရံပေးထားသလိုပါပဲ။ ပွဲလာကြည့်ပြီဆို လာနှုတ်ဆက်ကြ မိတ်ဆက်ကြတာ ဦးမေတ္တာရဲ့ ပရိသတ်ပါပေါ့။ အဖေဆုံးတာလည်း တချို့မသိကြဘူးလေ။ ကျွန်တော် ပြောပြလိုက်မှသိကြတာလည်း ရှိတယ်။ ကျွန်တော့်ကိုလည်း အားမငယ်ဖို့နဲ့ ချစ်ကြ အားပေးကြတယ်။ ဘာပဲဖြစ်ဖြစ် အရမ်းနွေးထွေးပါတယ်” လို့ လူရွှင်တော်သရုပ်ဆောင် မေတ္တာမြင့်မြတ်ဟိန်းက MTNews ကို ပြောပါတယ်။

အဆိုပါ ဖျော်ဖြေပွဲမှာတော့ခေါင်းဆောင် မင်းသမီးချော မေမြတ်နိုးခင်၊ မင်းသမီးချော ဆုမြတ်အောင်နဲ့ ဖူးဖူး၊ အများချစ်တဲ့ သားစစ်၊ သားတို့အမွှာ၊ ဟာသလူရွှင်တော် မေတ္တာမြင့်မြတ်ဟိန်း၊ ဟာသလူရွှင်တော် စူပါတောက်တဲ့တို့က ကပြဖျော်ဖြေကြမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *