MT News
၃၀. ၁၂. ၂၀၂၃

ရဲတပ်ဖွဲ့ဝင်များအနေဖြင့် တိုးတက်လာသည့် ရဲလုပ်ငန်းစနစ်များ၊ စစ်နည်းဗျူဟာများနှင့် စစ်အတတ်ပညာများကို စဉ်ဆက်မပြတ်လေ့လာနေရန်လိုအပ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်က ဒီဇင်ဘာ ၂၉ ရက်တွင် ပြုလုပ်သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒုတိယရဲအုပ်လောင်း သင်တန်း အမှတ်စဉ် (၁၁၅/၂၀၂၃)ရဲသူရတပ်ခွဲ၊ သင်တန်းဆင်းပွဲ အခမ်းအနားတွင် အမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားသည်။

ရဲတပ်ဖွဲ့ဝင်များသည် ပြည်တွင်းလုံခြုံရေးကို နောင်တော် တပ်မတော်နှင့်အတူ ဆောင်ရွက်နေ ကြခြင်းဖြစ်သည့်အတွက် လုံခြုံရေးအသိ၊ လုံခြုံရေး သတိဖြင့် လုံခြုံရေးကျိုးပေါက်မှုများ မရှိစေရေး အလေးထား ကြပ်မတ် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေး အဓိက ကျသောကြောင့် ပြည်သူလူထုအတွင်း ကိုယ်ချင်းစာတရား၊ စေတနာတို့ ထားရှိကာ ကောင်းမွန်သောဝန်ဆောင်မှုဖြင့် မှုခင်းအသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ပြီး ပြစ်မှုတိုက်ဖျက်ရေးဆိုင်ရာလုပ်ငန်းစဉ်များကို ဥပဒေနှင့်အညီ ဘက်ပေါင်းစုံမှ ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်းလည်း ရဲချုပ်က ပြောကြားသည်။

ထို့ပြင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်ကို အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းလက်တွဲ၍ မူးယစ်ဆေးဝါးပပျောက်သည်အထိ တားဆီးကာကွယ်ရေး၊ စုံစမ်းဖော်ထုတ် အရေးယူရေး လုပ်ငန်းများကို အရှိန်အဟုန်မြင့်ဆောင်ရွက်သွားကြရန်နှင့် လူမှုရေးလုပ်ငန်းများ၊ ကျေးလက်ဖွံ့ဖြိုးရေး လုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး လုပ်ငန်းများစသည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကိုလည်း စိတ်အား ထက်သန်စွာဖြင့် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ကြရန်၊ ရဲတပ်ဖွဲ့ဝင်တိုင်း စွမ်းရည်ပြည့်ဝ ထက်မြက်နေစေရန်အတွက် “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဆိုသည့် လေ့ကျင့်ရေးမှုဝါဒနှင့်အညီ ပြောင်းလဲတိုးတက်လာသည့် ရဲလုပ်ငန်းစနစ်များ၊ စစ်နည်း ဗျူဟာများနှင့် စစ်အတတ်ပညာများကို စဉ်ဆက်မပြတ်လေ့လာနေရန်နှင့် တပ်ဖွဲ့ဝင်အားလုံး လေ့ကျင့်သားပြည့်ဝနေစေရန် တပ်ဖွဲ့အလိုက် တစ်ဦးချင်းကိုင်တွယ်ရမည့်လက်နက်နှင့် ရဲတပ်ဖွဲ့သုံးကိရိယာများကို ကျွမ်းကျင်ပိုင်နိုင်ရေးလိုအပ်သည့် လေ့ကျင့်မှုများကို စဉ်ဆက်မပြတ်ဆောင်ရွက် နေရမည်ဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်က ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ လိုက်နာရမည့် အစဉ်အလာကောင်း (၁၂)ရပ်တွင်ပါရှိသည့် “နိုင်ငံတော်တွင် အရေးကြုံတိုင်း နောင်တော် တပ်မတော်နှင့် တစ်စိတ်တစ်ဝမ်းတည်း လက်တွဲ၍ ကာကွယ်စောင့်ရှောက် ခဲ့သည့်တပ်ဖွဲ့ဖြစ်သည်” ဟူသည့် အချက်နှင့်အညီ တပ်မတော်နှင့်အတူ လက်တွဲ၍ လက်ရှိနိုင်ငံတော်၏ အခြေအနေကို တည်ငြိမ် အေးချမ်းအောင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းလည်း ရဲချုပ်က တိုက်တွန်း အမှာစကားပြောကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *